သရက်ချောင်း ဩဂုတ် ၁၉
တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲဆန္ဒရှင်စာရင်းစိစစ်ရေးလုပ်ငန်းနှင့်ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေကော်မတီ ဖွဲ့စည်းနိုင်ရေးအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် ပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးရှုထိုက အမှာစကားပြောကြားပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဒေါ်သဉ္ဇာလွင်က ပထမအကြိမ် မဲဆန္ဒရှင်စာရင်းကပ်ထားကြေညာထားမှုနှင့်ပတ်သက်၍ ပုံစံ (၃)၊ ပုံစံ (၄)၊ ပုံစံ (၄-ဂ) တို့ဖြင့် တင်သွင်းလာသည့် မဲဆန္ဒရှင်စာရင်းများ ထည့်သွင်း၊ ပယ်ဖျက်၊ ပြင်ဆင်ခြင်းများ စိစစ်ရေးအတွက် စုပေါင်းဆောင်ရွက်ကြမည့်လုပ်ငန်းများအား ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ ဦးရှုထိုက ရွေးကောက်ပွဲအချိန်ကာလတွင် ဖြစ်ပွားလာမည့် အငြင်းပွားမှုများအတွက် စေ့စပ်ညှိနှိုင်းရေးကော်မတီ ဖွဲ့စည်းရခြင်းအကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။ ထိုနောက် တက်ရောက်လာသည့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက သိလိုသည်များကိုမေးမြန်းကြရာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးရှုထိုနှင့် အတွင်းရေးမှူးတို့က ပြန်လည်ရှင်းလင်း ပြောကြားပေးခဲ့ကြောင်း သိရသည်။
သရက်ချောင်း(ပြန်/ဆက်)