ဖားဆောင်း အောက်တိုဘာ ၃၀
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်တွင် “ပန်းခင်းစီမံချက်” အသိပညာ ပေး TalkShow ကို ယမန်နေ့နေလယ်(၁)နာရီအချိန်က လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနနှင့်၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍မြို့နယ် (ပြန်/ဆက်) ရုံး၌ ကျင်းပ ပြုလုပ်ခဲ့သည်။
အဆိုပါ Talk Show အစီစဉ်တွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဦးစီးအရာရှိ ဦးမျိုးမင်းအောင်က ပန်းခင်းစီမံချက်နှင့်ပတ်သက်၍ ၂၀၂၁ခုနှစ် မေလ ၃ ရက်နေ့မှ နိုင်ငံတဝှမ်းစတင်ခဲ့ပြီး ရည်ရွယ်ချက်မှာ ပြည်ထောင်စုမြန်မာနိုင်ငံသားတိုင်းရင်းသားများနှင့် ဥပဒေ အရ နိုင်ငံသားများအားဥပဒေနှင့်အညီ အိမ်ထောင်စုစာရင်းနှင့် ကိုင်ဆောင်သင့်သည့် ကတ်တစ်မျိုးမျိုး ကိုင်ဆောင်နိုင်ရေး နိုင်ငံသားတစ်ယောက်အဖြစ် ခိုင်မာအတည်ပြုနိုင်ရန်နှင့် နိုင်ငံတော်၏ အနာဂတ် ရှေ့လုပ်ငန်းများမှာမရှိမဖြစ်လိုအပ်သည့် နိုင်ငံသားစစ်ဆေးရေးကတ်များ ကိုင်ဆောင်နိုင်အောင် တစ်နိုင်ငံလုံး အရှိန်အဟုန်နှင့်ဆောင်ရွက်သည့် စီမံချက်ဖြစ်ကြောင်း၊ အဓိက လူနေထိုင်မှုပုံစံ (၄)မျိုးနှင့် ဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
အဆိုပါ ပုံစံ(၄)မျိုးအနက် ပထမတစ်မျိုးမှာ လက်ရှိဇာတိဒေသတွင်အမြဲတမ်းနေထိုင်ပြီး အိမ်ထောင်စု စာရင်းရှိသူများ၊ မှတ်ပုံတင်မရှိသူများ၊ ဒုတိယတစ်မျိုးမှာလက်ရှိ ဇာတိဒေသတွင်အမြဲနေထိုင် ပြီး အိမ်ထောင်စုစာရင်း မရှိသူများ၊ မှတ်ပုံတင်မရှိသူများ၊ တတိယတစ်မျိုးမှာ ရွှေ့ပြောင်းနေထိုင်သူ များအတွက် မူလဒေသတွင် အိမ်ထောင်စု စာရင်းရှိသူများ၊ လက်ရှိဒေသတွင် မှတ်ပုံတင်မရှိသူများ၊ စတုတ္ထတစ်မျိုးမှာရွှေ့ပြောင်း နေထိုင် သူတွေအတွက် မူလဒေသတွင် အိမ်ထောင်စုစာရင်းမရှိသူများ၊ လက်ရှိဒေသတွင် အိမ်ထောင်စု စာရင်းမရှိသူများနှင့် မှတ်ပုံတင်မရှိသူများ အတွက် ဆောင်ရွက်ပေး သွားမည်ဖြစ်ပြီးအထက်ပါ လူနေမှုပုံစံတွင် အကျုံးဝင်သည့် မြို့နယ်အတွင်းရှိပြည်သူများသိရှိ ဆောင်ရွက်နိုင်ရေးအတွက် လူစည်းကားနေရာများဖြစ်သည့် ကားဂိတ်များ၊ လမ်းဆုံများတွင် အသိပညာပေး ပိုစတာများချိတ်ဆွဲခြင်း အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်းအပြင် ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် ညှိနှိုင်းပြီးရပ်ကွက် အလိုက်ရုံးသို့ လာရောက်ဆောင်ရွက်ပေးခြင်းကို ပိတ်ရက်မရှိဆောင်ရွက်ပေးခြင်း ကွင်းဆင်းဆောင်ရွက်ပေးခြင်း ဆောင်ရွက်မှုတို့ကို၂၀၂၂ခုနှစ်၊ နိုဝင်ဘာလ(၃)ရက်နေ့အထိဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
နန်းသဲနုအောင်