လွိုင်ကော် အောက်တိုဘာ ၂၅
လွိုင်ကော်မြို့အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ညွှန်ကြားချက်များကို ပြည်သူများ ပိုမို သိရှိလိုက်နာနိုင်ရေး အသိပေးနှိုးဆော်မှု များအား ရပ်ကွက်များ၊ ကျေးရွာများနှင့် လူစည်ကားရာ နေရာများတွင် မြန်မာ၊ ကယား နှစ်ဘာသာဖြင့် အသံချဲ့စက်များ၊ လက်ကိုင် စကားပြော အသံချဲ့စက်ဖြင့် သတိပေး နှိုးဆော်မှုများကို လွိုင်ကော်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ်စည်ပင် သာယာရေးအဖွဲ့တို့က နေ့စဉ် ပူးပေါင်း ဆောင်ရွက်လျက်ရှိရာ ယနေ့တွင်လည်း လွိုင်ကော်မြို့နယ်အတွင်း ဆက်လက်ဆောင်ရွက်သည်။
ထိုသို့ဆောင်ရွက်ရာတွင် လွိုင်ကော်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှု များပြားလာသောကြောင့် မိဘပြည်သူများ အနေဖြင့် လက်ရှိအခြေအနေတွင် အတတ်နိုင်ဆုံး အိမ်တွင်း၌သာ နေထိုင်ကြရန်၊ မိမိအိမ်တွင်ပြင်ပမှလာသော ဧည့်သည် များအား လက်မခံပါရန်၊ မဖြစ်မနေ ပြင်ပသို့သွားလာရပါက ပါးစပ်၊ နှာခေါင်းစည်းတို့ကို စနစ်တကျတပ်ဆင်ရန်၊ Mask မတပ်သူများနှင့် တွေ့ဆုံခြင်း၊ စကားပြောခြင်း၊ ဈေးရောင်းဈေးရောင်း ဝယ်ခြင်းများ ရှောင်ကြဉ်ရန်၊ လူစုလူဝေးပြုလုပ်ခြင်း၊ သွားလာခြင်းများကို ရှောင်ကြဉ်ကြရန်၊ တစ်စုံတစ်ရာကိုင်တွယ် ထိတွေ့ပြီးတိုင်း လက်ကိုဆပ်ပြာနှင့် အနည်းဆုံးစက္ကန့် (၂၀)ကြာအောင် စနစ်တကျဆေးကြောရန်၊ လက်ကိုဆေးကြောခြင်း မပြုဘဲပါးစပ်၊ နှာခေါင်းနှင့် မျက်စိတို့ကို ကိုင်တွယ်ခြင်းမပြုလုပ်ကြရန်၊ မိမိနေထိုင်ရာအခန်းကို လေဝင်လေထွက် ကောင်းအောင် လုပ်ဆောင်ရန်၊ အပြင်မှပြန်လာပြီးတိုင်း ပါးစပ်နှာခေါင်းစည်းများကို စနစ်တကျစွန့်ပစ်ရန်၊ မိမိတို့၌ ရောဂါပိုး ကူးစက်ခံရနေသည်ဟု သံသယရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနများသို့ ဆက်သွယ်၍ မပျက်မကွက် စစ်ဆေးကုသမှုခံယူရန် နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များ၊ ကိုဗစ်-၁၉ ရောဂါကာကွယ် ၊ ထိန်းချုပ် ၊ ကုသရေးဗဟိုကော်မတီမှ အသိပေး ပန်ကြားချက်များကို မိဘပြည်သူများ အနေ့ဖြင့် တိကျစွာ လိုက်နာဆောင်ရွက်ကြရန်တို့ကို တိုက်တွန်း နှိုးဆော်ခဲ့သည်။
ကယားပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု အခြေအနေမှာ ဇွန်လ (၂၉) ရက်နေ့မှ အောက်တိုဘာ (၂၄) ရက်နေ့အထိ ဓါတ်ခွဲအတည်ပြုလူနာ စုစုပေါင်းမှာ (၄၅၃၁)ဦးရှိပြီး၊ ပြန်လည် ကျန်းမာလာသူ စုစုပေါင်း (၄၀၄၂) ဦးရှိကာ ယနေ့ပိုးတွေ့သေဆုံးလူနာ(၂) ရှိပြီး ဘောလခဲမြို့နယ်နှင့် မယ်စဲ့မြို့နယ်မှဖြစ်ကာ စုစုပေါင်း သေဆုံးလူနာ(၁၈၈) ဦးရှိကြောင်း ကယားပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံမှ သိရှိရသည်။
ခရိုင်(ပြန်/ဆက်)