မယ်စဲ့မြို့နယ် ပန်တိန်းကျေးရွာ၌ အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး သွားရောက်ထိုးနှံပေး

မယ်စဲ့ အောက်တိုဘာ ၂၅

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို အောက်တိုဘာ ၂၄ ရက်က ပန်တိန်းကျေးရွာ၌ ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ထိုသို့ကာကွယ်ဆေး ထိုးနှံပေးရာတွင် မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ စီစဉ်ဆောင်ရွက်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာများ ပူးပေါင်း၍  ပန်တိန်းကျေးရွာရှိ အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများကို စတင်ထိုးနှံပေးခဲ့ရာ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ ၁၈ ဦးတို့ကို ကိုဗစ်ရောဂါကာကွယ်ရေး နည်းလမ်းများနှင့်အညီ စနစ်တကျ ထိုးနှံပေးခဲ့ပြီး ကာကွယ်ဆေးမထိုးနှံပေးမီ ကျောင်းသား၊ ကျောင်းသူများအား ကိုယ်အပူချိန် တိုင်းတာခြင်း၊ သွေးတွင်းအောက်ဆီဂျင် တိုင်းတာခြင်း၊ သွေးပေါင်ချိန် တိုင်းတာခြင်းနှင့် အခြားရောဂါရှိ/မရှိ စစ်ဆေးမေးမြန်းခြင်းတို့ ဆောင်ရွက်ပေးပြီး ကာကွယ်ဆေးထိုးနှံပြီးသူများအား နာရီဝက်ခန့် အနားယူစေပြီးမှ ပြန်လည်စေလွှတ်ခဲ့ကြောင်း သိရသည်။

မယ်စဲ့မြို့နယ်တွင် “ကာကွယ်ဆေးဖြင့် လွှမ်းခြုံအပ်သော အနာဂတ်ပန်းခင်းများဆီသို့” ဆောင်ပုဒ်နှင့်အညီ အသက် ၁၂ နှင့်အထက် ကျောင်းသား၊ ကျောင်းသူ ၈၄ ဦးအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးရန် ရည်မှန်းထားကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်သန်းထံမှ သိရသည်။

ဝတ်ရည်(ပြန်/ဆက်)