ဆားလင်းကြီး အောက်တိုဘာ ၂၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအသုတ်၏ ပထမအကြိမ်ထိုးနှံပြီးသူများအား ဒုတိယအကြိမ် ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိရာ ဒုတိယနေ့အဖြစ် ယနေ့ နံနက် ၈နာရီအချိန်က စတင်၍ သတ်မှတ်စုရပ်နေရာများဖြစ်သည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ OSSခန်းမတွင် ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရှိရသည်။
ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံပေးရာတွင် ဆားလင်းကြီးမြို့နယ်၌ စက်တင်ဘာလအတွင်းက ပထမအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံထားသည့် ဦးစားပေးအုပ်စုအလိုက် အသက်(၆၅)နှစ် နှင့်အထက် သက်ကြီးဘိုးဘွားများ၊ ရဟန်သံဃာတော်များနှင့်သီလရှင်များ၊ နိုင်ငံဝန်ထမ်း နှင့် ဝန်ထမ်းမိသားစုများ၊ ပုဂ္ဂလိကစက်ရုံအလုပ်ရုံဝန်ထမ်းများ၊ ပရဟိတစေတနာ့ ဝန်ထမ်း Volunteer များ၊ Super Market နှင့်စျေးများမှ ပြည်သူများအား မြို့နယ်ဆရာဝန်ကြီး၏ ကြီးကြပ်မှုဖြင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ အောက်တိုဘာ ၂၃ ရက်နေ့မှ စတင်ထိုးနှံပေးခဲ့ရာ ပထမနေ့တွင် လူဦးရေ(၁၂၃၀)ဦး၊ ဒုတိယနေ့တွင် (၉၇၀)ဦး စုစုပေါင်း (၂၂၀၀)ဦးအား ထိုးနှံပေးခဲ့ပြီးဖြစ်ကြောင်း သိရှိရသည်။
အဆိုပါကာကွယ်ဆေး ထိုးနှံပေးနေမှုအခြေအနေများကို မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများက နေ့စဉ်ကြီးကြပ်၍ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များက ဝိုင်းဝန်းကူညီဆောင်ရွက် ပေးလျက်ရှိပြီး ဦးတည်အုပ်စုများအလိုက် ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိနေသူ များအား ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဆက်လက်ထိုးနှံပေးသွားမည် ဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရှိရသည်။
ဥမ္မာခိုင်