ရွှေဘို ဩဂုတ် ၁၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့တွင် ကျေးလက်ဆင်းရဲမှုလျော့ချရေး အထောက်အကူပြု အသက်မွေးဝမ်း ကျောင်း စက်ချုပ်သင်တန်းဆင်းပွဲကို ယနေ့နံနက် ၁၀ နာရီက ရွှေဘိုခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည်။
ရှေးဦးစွာ ရွှေဘိုခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးမြင့်က ဒီနေဟာ ကျေးလက် နေ အမျိုးသမီးများအတွက် အသက်မွေးဝမ်းကျောင်း အတတ် ပညာတစ်ခု တတ်မြှောက်တဲ့နေ ဖြစ်ကြောင်းနှင့် မိမိအိမ်တွင်းကနေ မိသားစုဝင်ငွေ ရရှိရေးအတွက် တစ်ဖက်တစ်လမ်းကနေ အထောက်အကူပြုနိုင်ရေး ကြိုးစား ဆောင်ရွက်သွားရန် ပြောကြားခဲ့သည်။
ထို့နောက် စက်ချုပ်သင်တန်းတွင် ဆုရရှိသူများကို ခရိုင်ဦးစီးမှူး ဦးမြင့်နှင့် တာဝန်ရှိသူများက ဆုများပေးအပ် ခဲ့ပြီး သင်တန်းသူတစ်ဦး ကျေးဇူးတင်စကားပြောကြားခဲ့သည်။ ဆက်လက်၍ သင်တန်းတွင် ချုပ်လုပ်ထားသော အင်္ကျီ၊ အဝတ်အထည်များကို သီရိမင်္ဂလာဘိုးဘွားရိပ်သာနှင့် ရွှေခြင်္သေ့ပရဟိတ ဘုန်းတော်ကြီးတို့မှ တာဝန်ရှိ သူများထံ လှူဒါန်းခဲ့သည်။
အဆိုပါစက်ချုပ်သင်တန်းသည် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက် စေရန်နှင့် အလုပ် အကိုင်အခွင့်အလမ်းများ ရရှိ၍ တစ်ဦးချင်းဝင်ငွေတိုးတက်စေရန် ရည်ရွယ်၍ သင်တန်းနည်းပြ ဆရာမ (၂) ဦးဖြင့် သင်တန်းသူ (၂၀) ဦးကို (၂) လအကြာ သင်တန်းဖွင့်လှစ် ပေးခဲ့ခြင်းဖြစ်ကြောင်း ရွှေဘိုမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ် ဦးစီးမှူး ဒေါ်ခမ်းအိအိဖြူ ထံမှသိရသည်။
ထွန်းမြင့်အောင်(ရွှေဘို)