မြင်းမူမြို့နယ်တွင် မိုးမြေပဲများ အများအပြားစိုက်ပျိုးထားရှိ

 မြင်းမူ ဩဂုတ် ၁၈

စစ်ကိုင်းတိုင်းဒေသကြီး၊  စစ်ကိုင်းခရိုင်၊  မြင်းမူမြို့နယ်အတွင်းရှိ   ဒေသခံတောင်သူများ အနေဖြင့် မိရိုးဖလာ လုပ်ငန်း ဖြစ်သော စိုက်ပျိုးရေးလုပ်ငန်းကိုသာ အဓိကထားလုပ်ကိုင်လျှက်ရှိရာ ဆီထွက် သီးနှံများ ဖြစ်သည့် နှမ်းနှင့်မြေပဲကို အဓိကထားစိုက်ပျိုးလုပ်ကိုင်လျက်ရှိကြသည်။

မိုးကျရာသီဖြစ်သည့် ဩဂုတ်လတွင် စိုက်ပျိုးကြသည့်အတွက် ဒေသအခေါ်မှာ ဩဂုတ်ပဲဟုခေါ်ဆို ကြကြောင်း၊ ထွက်ရှိလာသည့် မြေပဲများမှာနှစ်စဉ်ဈေးကွက်ခိုင်မာသည့်အတွက်   ကျွန်တော်တို့တောင်သူ အများအပြား စိုက်ပျိုး ကြကြောင်း၊ ထွန်ရေးကောင်းခြင်း၊ အတန်းလိုက်  စနစ်တကျစိုက်ပျိုးခြင်း နှင့် ရာသီ ဥတုမှန်ပါက မြေပဲစိုက် တောင်သူ များအတွက်  အမြတ်အစွန်းပိုမိုရရှိကြောင်း၊  စိုက်ပျိုးပြီး တစ်မိုး ကောင်း ကောင်းရရှိပါက ပိုမို အောင်မြင်နိုင် ကြောင်း၊ ပိုးမွှားများကြိုက်သည့် အပင်ဖြစ်သည့်အတွက် ပိုးသတ်ဆေးများ အထိုက်အလျှောက် အသုံးပြု ရကြောင်း၊ ယခုနှစ်တွင် မိုးခေါင်သည့်အတွက် မြေပဲထွက်ရှိမှု အနည်းငယ်လျော့ကျနိုင်ကြောင်း၊ ပုလဲတန်ကျေးရွာမှ မိုးမြေပဲစိုက်ပျိုးတောင်သူ ဦးအေးထံမှ သိရှိရသည်။

မြင်းမူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူအများအပြား စိုက်ပျိုးသည့် သီးနှံဖြစ်သည့်အတွက်  ယခု အချိန်ထိ မိုးမြေပဲ ဧက (၂၅၄၉၈)ကို စိုက်ပျိုးထားရှိကြောင်းနှင့် ဆက်လက်စိုက်ပျိုးနေသည့် တောင်သူအချို့လည်းကျန်ရှိနေကြောင်း  မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှသိရှိရသည်။

အောင်စိုးဖေ(မြင်းမူ)