အရာတော်မြို့နယ် စိုက်ပျိူရေးဦးစီးဌာနမှ ဇရစ်နည်းပညာပေးစင်တာနယ်မြေအတွင်း RS to CS တောင်သူမျိုးစေ့ထုတ်ကွက် လျာထားဧက ၁၀၀ တွင် ၇၅% စိုက်ပျိုးပြီးစီး

အရာတော် ဩဂုတ်  ၁၈

စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မြို့နယ်တွင် မိုးစပါးစိုက်ပျိုးရာသီအတွင်း ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီစဉ်အရ မိုးစပါး (RS to CS) မျိုးစေ့ထုတ်ကွက်များကို စနှစ်တကျ စိုက်ပျိုးလျက်ရှိရာ အရာတော်မြို့နယ်၊ ဇရစ်နည်းပညာပေးစင်တာနယ်မြေအတွင်း တောင်သူ မျိုးစေ့ထုတ်ကွက် လျာထား ဧက(၁၀၀)တွင် (၇၅)ဧက စိုက်ပျိုးပြီးဖြစ်ကြောင်း သိရသည်။

အရာတော်မြို့နယ်အတွင်း တောင်သူမျိုးစေ့ထုတ် စိုက်ကွက်များ လျာထားချက်ပြည့်မီအောင် စိုက်ပျိုးနိုင်ရေး အတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဒေါ်တင်တင်စိန်နှင့် ဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယမန်နေ့က မကျီးစောက်ကျေးရွာအုပ်စု တောင်သူ ဦးစန်းမောင်၏ ကွင်းအမှတ် ၅၇၈ တွင် CS to RS နည်းဖြင့် မျိုးစေ့ထုတ်ကွက် ၄ ဧကစိုက်ပျိုး ရာသို့ ကွင်းဆင်းကာ လိုအပ်သည့် နည်းပညာများ ပူးပေါင်းဆောင်ရွက်ပေးခဲ့ သည်။

ကိုဗစ်-၁၉ ကာလအတွင်း မိုးစပါးစိုက် တောင်သူများအနေဖြင့် စိုက်ပျိုးရေးလုပ်ငန်းများ ထိခိုက်မှုမရှိစေရန် မျိုးကောင်းမျိုးသန့်စပါးများ စိုက်ပျိုးထုတ်လုပ်‌ရောင်းချခြင်းဖြင့် ဝင်ငွေ ခိုင်မာ တိုးတက်ရရှိနိုင်ရန် ရည်ရွယ်ကာ ဆောင်ရွက်ပေးခြင်းဖြစ်ပြီး မျိုးသန့် မိုးစပါး မျိုးစေ့ထုတ် ပျိုးပင်များ စိုက်ပျိုးရာတွင် ၉”×၆”စနစ်ဖြင့် ခြောက်တန်းတစ်တန်းလှပ် စိုက်ပျိုးခဲ့ပြီး တစ်ဧကကောက်ကွက် တစ်သိန်းနှစ်သောင်းကျော်ရရှိကာ တစ်ဧက အထွက်နှန်း တင်း(၁၀၀) ရရှိရေး မျှော်မှန်းထုတ်လုပ် စိုက်ပျိုးခြင်းဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဒေါ်တင်တင်စိန်၏ ပြောကြားချက်အရ သိရသည်။

မြို့နယ် ပြန်/ဆက်