ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညောင်လေးပင်မြို့နယ်ရုံးအတွက် (ရွေ့လျားစာကြည့်တိုက်)အတွက် ဂျပန်ဘာသာပြန် ပုံပြင်စာအုပ်များ လာရောက်လှူဒါန်း

ညောင်လေးပင် သြဂုတ် ၁၈

ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညောင်လေးပင်မြို့နယ်ရုံးအတွက် ရွေ့လျားစာကြည့်တိုက်များ ကွင်း‌ဆင်း ဆောင်ရွက် ရာတွင် ငှာရမ်းပေးမည့်စာအုပ်များကို ဂျပန်နိုင်ငံ(Shanti Volunteer Association) ရှန်တီစေတနာ့ ဝန်ထမ်း အဖွဲ့(SVA)မှ ပံ့ပိုးပေး လျက်ရှိရာ ယနေ့ မွန်းလွဲပိုင်းက မြို့နယ် ပြည်သူ့စာကြည့်တိုက်သို့  ဂျပန်ဘာသာ ပြန်ပုံပြင်စာအုပ် (၁၈၃)အုပ် လာရောက် လှူဒါန်း ခဲ့ကြောင်း သိရသည်။
အဆိုပါစာအုပ်များကို ရှန်တီစေတနာ့ဝန်ထမ်းအဖွဲ့(SVA)မှ ပဲခူးအရှေ့ခြမ်း တာဝန်ခံ ကိုရန်နိုင်က ပေးအပ်ပြီး မြို့နယ် ဦးစီးမှူး ဒေါ်နီနီဝင်း နှင့် စာကြည့်တိုက်မှူး ဒေါ်မိုးစန္ဒာဝင်းတို့က လက်ခံရယူကာ ကွင်းဆင်းဆောင်ရွက်မည့် စာသင်ကျောင်း များအခြေအနေ နှင့် လုပ်ငန်းအခက်အခဲအတွေ့အကြုံများ ဆွေးနွေးကြသည်။
ယခင်က ရွေ့လျားစာကြည့်တိုက်များကို ညောင်လေးပင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများသို့ တစ်လလျှင်(၅) ကျောင်း ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိပြီး ယခုအခါအဆိုပါ လုပ်ငန်းများကို ကိုဗစ်-၁၉ ကာလအတွင်း ရပ်နားထားရာ ကျောင်းများ ပြန်ဖွင့် ချိန်တွင် လုပ်ငန်းများ ပြန်လည်စတင်နိုင်ရန်အတွက် စာအုပ်အသစ်များ ထပ်မံဖြည့်ဆည်း လှူဒါန်းပေး ခြင်းဖြစ်ကြောင်း သိရသည်။

သက်လွင် (ညောင်လေးပင်)