မကွေး အောက်တိုဘာ ၂၂
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်သည် ဗဟိုဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) ဇီးပင်ကြီးသင်တန်းသို့ တက်ရောက်မည့် ဆရာ/ဆရာမများအား ယနေ့နံနက် ၉ နာရီအချိန်က မကွေမြို့ အ.ထ.က(၁)ကျောင်း၊ ပန်းဟေဝန်ခန်းမတွင် တွေ့ဆုံ၍ အမှာစကားများ ပြောကြားခဲ့ကြောင်း သိရသည်။
ရှေ့ဦးစွာ ဗဟိုဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) ဇီးပင်ကြီးသင်တန်း အမှတ်စဉ် (၆၇)သို့ တက်ရောက်မည့် ဆရာ/ဆရာမများက တစ်ဦးချင်း မိတ်ဆက်ခဲ့ပြီးနောက် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်က အမှာစကားပြောကြားခဲ့သည်။ ဗဟိုဝန်ထမ်း တက္ကသိုလ် (အထက်မြန်မာပြည်) ဇီးပင်ကြီးသင်တန်း အမှတ်စဉ်(၆၇)သို့ တက်ရောက်မည့် ဆရာ/ဆရာမများအား တွေ့ဆုံ၍ အမှာစကား ပြောကြားရာတွင် သင်တန်း တက်ရောက်မည့် ဆရာ/ဆရာမများသည် အသက်(၁၂)နှစ်အထက် ကျောင်းသား/သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်း ဆောင်ရွက်ရာတွင် စိတ်အား ထက်သန်စွာဖြင့် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်မှုတို့အတွက် နိုင်ငံတော်အစိုးရကိုယ်စား ကျေးဇူးတင်စကား ပြောကြားလိုပါကြောင်း၊ အခြေခံပညာ ဆရာ/ဆရာများအနေဖြင့် ဗဟိုဝန်ထမ်း တက္ကသိုလ်တွင် ရက်သတ္တပတ်(၅)ပတ်ကြာ အထူးမွမ်းမံသင်တန်း တက်ရောက်ရမည် ဖြစ်ကြောင်း၊ သင်တန်း တက်ရောက်ခြင်းအားဖြင့် စိတ်ဓာတ်၊ စည်းကမ်းများ ပိုမိုကောင်းမွန် လာစေမည်ဖြစ်ကြောင်း၊ သိသင့်သိထိုက်သော ဗဟုသုတများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် သက်ဆိုင်သော ဗဟုသုတနှင့် အတွေ့အကြုံများ တိုးပွားလာစေမည်ဖြစ်ကြောင်း၊ နိုင်ငံတစ်ဝန်းလုံးရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ သင်တန်း လာရောက်ကြမည် ဖြစ်သဖြင့် အသိမိတ်ဆွေများ၊ အတွေ့အကြုံများနှင့် ချစ်ကြည်ရင်းနှီးမှုများ တိုးပွားလာမည်ဖြစ်ကြောင်း၊ သင်တန်းမှ ထုတ်ပြန်သည့်အမိန့်နှင့် ညွှန်ကြားချက်များကိုလည်း စည်းကမ်းတကျ လိုက်နာကြရန် လိုအပ်ကြောင်းနှင့် ဆရာ/ဆရာမများ အနေဖြင့် မိမိတို့၏ ကျန်းမာရေးကိုလည်း အထူးဂရုစိုက်ကြဖို့ လိုအပ်ပါကြောင်း အမှာစကား ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးအစိုးအရအဖွဲ့ဝန်ကြီးချုပ်သည် သင်တန်းတက်ရောက်မည့် ဆရာ /ဆရာမများအား ထောက်ပံ့ငွေများပေးအပ်ရာ ဆရာ/ဆရာများကိုယ်စား ဆရာတစ်ဦးမှ လက်ခံ ရယူခဲ့ကြောင်း သိရသည်။
ဗဟိုဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) ဇီးပင်ကြီးသင်တန်း အမှတ်စဉ်(၆၇)သို့ တက်ရောက်မည့် သင်တန်းသား ဆရာ/ဆရာမများနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ မကွေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ တက်ရောက်ခဲ့ပြီး မကွေးတိုင်းဒေသကြီးအတွင်း ဗဟိုဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်)ဇီးပင်ကြီး သင်တန်းသို့ တက်ရောက်မည့် ဆရာ/ဆရာမဦးရေအနေဖြင့် အထက်တန်းပြ ဆရာ/ဆရာမ(၄)ဦး၊ အလယ်တန်းပြ ဆရာ/ဆရာမ(၁၈)ဦး၊ မူလတန်းပြ ဆရာ/ဆရာ(၄၂)ဦး၊ စုစုပေါင်း ဆရာ/ဆရာမ (၆၄)ဦး ရှိကြောင်း သိရသည်။
ကိုစည်သူ(မကွေး)