တောင်တွင်းကြီး ဩဂုတ် ၁၈
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်တွင် COVID-19 ၏ စီးပွားရေးအပေါ် ထိခိုက်နစ်နာမှု သက်သာရေးစီမံချက် (CERP) အရဖွင့်လှစ်သော သိုး/ဆိတ်မွေးမြူရေးသင်တန်းကို မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန ရုံးခန်းမ၌ ယမန်နေ့နံနက်(၉)နာရီက ဖွင့်လှစ် ခဲ့ကြောင်း သိရသည်။
အဆိုပါ သင်တန်းမှာ ဒေသနှင့်ကိုက်ညီသည့် သိုး/ဆိတ်များ ရွေးချယ်မွေးမြူရန်၊ မွေးမြူရေးစနစ်နှင့် အာဟာရ တိုက်ကျွေးနည်း၊ ရောဂါ အကြောင်းများ၊ ကာကွယ်ဆေးထိုးအစီအစဉ်နှင့် ခေတ်မီကာကွယ်ကုသနည်းများ၊ သိုး/ဆိတ်မွေးမြူသူများနှင့် မွေးမြူရန် စီစဉ်ထားသည့် လုပ်ငန်းရှင်များအနေဖြင့် သိသင့်သိထိုက်သည့် သိုး/ဆိတ်မွေးမြူရေး စီမံခန့်ခွဲမှုပညာရပ်များကို သင်ကြားပို့ချ သွားမည်ဖြစ်ကြောင်း သိရသည်။
COVID-19 ကာလအတွင်း မွေးမြူရေးလုပ်ကိုင်ကြသည့် ပြည်သူများ၏ စီးပွားရေးထိခိုက်မှု သက်သာစေရန်၊ မွေးမြူထုတ်လုပ်မှုနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ပြန်လည်ဖြစ်ထွန်းလာစေရန်ရည်ရွယ်၍ သင်တန်းကို ဖွင့်လှစ်သင်ကြား ပေးရခြင်းဖြစ်ကြောင်း မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ သိရသည်။
အဆိုပါ သင်တန်းကို ကျေးရွာအုပ်စု(၇၂)အုပ်စုမှ သင်တန်းသား (၁၀၀)ဦးသတ်မှတ်ထားပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွန်ကြားချက်များနှင့်အညီ(၂၀)ဦးတစ်ဖွဲ့ခွဲ၍ တစ်ဖွဲလျှင် သင်တန်း(၃)ရက်၊ (၅)ကြိမ်ဖွင့်လှစ်မည်ဖြစ်ကာ သင်တန်းနည်းပြအဖြစ် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာရဲနန္ဒဦးဆောင်သော သင်တန်းနည်းပြဆရာ(၈)ဦးမှ အဖွဲ့(၃)ဖွဲ့ခွဲ၍ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)