မယ်စဲ့ အောက်တိုဘာ ၂၂
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် အသက် ၁၂ နှစ်နှင့် အထက် ကျောင်းသား၊ ကျောင်းသူ များအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယမန်နေ့က မြို့နယ်ခန်းမ၌ စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ကာကွယ်ဆေး ထိုးနှံပေးရာတွင် ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအဖွဲ့ အစည်းများ၊ စေတနာ့ဝန်ထမ်းများ ပူးပေါင်း၍ မြို့နယ်ခန်းမ ဆေးထိုးစုရပ်၌ အထက(မယ်စဲ့)မှ ကျောင်းသား၊ ကျောင်းသူများကို စတင်ထိုးနှံပေးခဲ့ရာ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ ၂၃ ဦး၊ အထက်တန်း အဆင့် ကျောင်းသား၊ ကျောင်းသူ ၁၅ ဦး၊ စုစုပေါင်း ၃၈ ဦးတို့ကို ကိုဗစ်ရောဂါကာကွယ်ရေး နည်းလမ်း များနှင့်အညီ စနစ်တကျ ထိုးနှံပေးခဲ့ပြီး အောက်တိုဘာ ၂၃ ရက်တွင် ပန်းတိန်းကျေးရွာ ဆေးထိုးစုရပ်၌ ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
“ကာကွယ်ဆေးဖြင့် လွှမ်းခြုံအပ်သော အနာဂတ်ပန်းခင်းများဆီသို့” ဆောင်ပုဒ်နှင့်အညီ အသက် ၁၂ နှင့်အထက် ကျောင်းသား၊ ကျောင်းသူ ၈၄ ဦးအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးရန် ရည်မှန်းထားပြီး ကာကွယ်ဆေး ထိုးနှံပေးနေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်သန်းနှင့် အဖွဲ့ဝင်များက လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ဝတ်ရည်(ပြန်/ဆက်)