ရေနံချောင်း ဩဂုတ် ၁၈
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ် ရုံးဆိပ်ကျွန်းကျေးရွာ၏ အနောက်ဘက်တွင် ဧရာဝတီမြစ်ရေ တိုက်စားမှုကြောင့် ကမ်းပါးပြို ကျကာ စိုက်ပျိုးမှုမပြုလုပ်ရသေးသည့် စိုက်ပျိုးမြေ ၂၅ ဧကခန့်ပါဝင်သွားခဲ့ကြောင်း ဩဂုတ် ၁၈ ရက်က မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
အဆိုပါ ကမ်းပြိုသည့်နေရာသို့ ယမန်နေ့ နံနက်ပိုင်းက မကွေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသိန်းလှ၊ မြို့နယ် သဘာဝဘေးစီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဦးမန်ကိုဟောနှင့် အဖွဲ့ဝင်များ၊ မကွေးတိုင်း ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးသူရိန်ထွန်းနှင့်၊ SAE ဦးရှိန်းထက်အောင် တို့က လိုအပ်သည်များ ဆောင်ရွက်နိုင်ရေး ကွင်းဆင်းကြည့်ရှုခဲ့သည်။
ရုံးဆိပ်ကျွန်းကျေးရွာတွင် ဩဂုတ် ၈ ရက်နေ့မှ ၁၇ အထိ ကမ်းပါးပြိုကျမှုများ ဆက်လက်ဖြစ်ပွားနေပြီး ကျေးရွာနှင့် တဖြည်းဖြည်း နီးကပ်လာသည့်အတွက် မြို့နယ် မီးသတ်ဦးစီးဌာန ဝန်ထမ်းများနှင့် ကျေးရွာသူ၊ ကျေးရွာသားများ ပူးပေါင်းကာ ကမ်းပြိုမှု ဆက်လက်မဖြစ်ပွားစေရေး သစ်ပင်သစ်ကိုင်းများဖြင့် ရေကာခြင်းများ ပြုလုပ်လျက်ရှိသည်။ အဆိုပါ ကမ်းပါးပြိုကျမှုကြောင့် လူနှင့် တိရိစ္ဆာန်များ ထိခိုက်မှုမရှိကြောင်း သိရသည်။
ကိုစိုးကြီး