ကမမောင်း အောက်တိုဘာ ၁၇
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့အတွင်းရှိ အခြေခံပညာကျောင်းများမှ အသက် (၁၂)နှစ်နှင့်အထက် ကျောင်သား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinovac)ပထမအကြိမ် ထိုးနှံနိုင်ကြစေရေးအတွက် မြို့ပေါ်ရပ်ကွက်များအတွင်း အသံချဲ့စက်ဖြင့် လှည့်လည်အသိပေး နှိုးဆော်ခြင်း ကို ယနေ့နံနက် ၈နာရီ အချိန်က ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
ကမမောင်းမြို့အတွင်းရှိ အသက်(၁၂)နှစ်အထက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinovac) ထိုးနှံကြမည့်ကျောင်းသား၊ ကျောင်းသူစုစုပေါင်း စာရင်းအရ (၁၇၉၄) ဦး ရှိပြီး၊ ဆေးထိုးစုရပ်များအနေဖြင့် အ.ထ.က(ကမမောင်း)၊ အ.လ.က (အုန်းတော)၊ အ.ထ.က (ကတိုင်တိ)တို့တွင် ဆေးထိုးစုရပ် သတ်မှတ်ထားပြီး ကာကွယ်ဆေးထိုးနှံကြရမည့် ကျောင်းစာရင်းနှင့် စုရပ်များကို မိဘပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများသိရှိစေရန် အသိပေး နှိုးဆော်ခဲ့ကြသည်။
ထိုသို့အသိပညာပေး ဆောင်ရွက်မှုကို အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ နယ်မြေမီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။
လင်းသန့်