ဝေါမြို့နယ်အတွင်းရှိ မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရန်အတွက် ရပ်/ကျေးကော်မရှင် အတွင်းရေးမှူးများနှင့် တွေ့ဆုံစိစစ်

ဝေါ သြဂုတ် ၁၈

ပဲခူးတိုင်းဒေသကြီး ၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်ခန်းမ၌  ယနေ့နံနက် (၁၀)နာရီအချိန်က မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရန်အတွက် ရပ်/ကျေးကော်မရှင် အတွင်းရေးမှူးများနှင့် (ဒုတိယအကြိမ်) တွေ့ဆုံ၍ စိစစ်ခြင်းလုပ်ငန်းများ ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေဇော်အောင် က အမှာစကားပြောကြားရာတွင် ရပ်/ကျေးကော်မရှင် အတွင်းရေးမှူးများ အနေဖြင့် ရပ်ကွက်(၆)ရပ်ကွက် ကျေးရွာအုပ်စု (၅၈)အုပ်စု၌ မဲရုံပေါင်း (၁၁၅) ရုံ ထားရှိမည်ဖြစ်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ မိမိ၏ အမည်စာရင်းများ မှားယွင်းမှု ရှိနေပါက မိမိအမည်မပါက ပုံစံ(၃)၊ ပုံစံ(၃-က)ဖြင့် ဖြည့်စွက်တောင်းဆိုရမည်ဖြစ်ကြောင်း၊ ကန့်ကွက်ရန်နှင့် ပြင်ဆင်ဖြည့်စွက်ရန်များ အားပုံစံ(၄)၊ ပုံစံ(၄-ဂ)တို့ဖြင့် သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာကော်မရှင်အဖွဲ့ခွဲရုံး များတွင် တင်ပြ တောင်းခံနိုင်ရန် ရှင်းလင်းပြောပြဖို့လိုကြောင်း၊ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ အမည်စာရင်း ဖော်ပြထားရှိမှု မဲစာရင်း ကြေငြာ ထားရှိမှု အခြေအနေ၊ မဲစာရင်းတွင် နိုင်ငံသားမှတ်ပုံတင်ရရှိမှု ရှိ/မရှိ အခြေအနေ၊ ယာယီသက်သေခံကတ် ကိုင်ဆောင်ထားရှိမှု အခြေအနေ၊ သေဆုံးသူစာရင်းပြုလုပ်ထားရန်နှင့် အခြားလိုအပ်ချက်များ စီမံ ဆောင်ရွက်ထားရန် မှာကြားခဲ့သည်။       

ဆက်လက်၍ မြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးရဲထွန်းမြင့် က မဲဆန္ဒရှင် စာရင်းနှင့် ပတ်သက်သည်များကို ရှင်းလင်းပြောကြားသည်။ ထို့နောက် တက်ရောက်လာသူများမှ သိလိုသည်များ တင်ပြဆွေးနွေး ခဲ့ကြပြီး ဝေါမြို့နယ် ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးစိုးလှိုင် က နှုတ်ဆက်အမှာစကား ပြောကြား၍ အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သိရသည်။

အောင်မြတ်လင်း (ပြန်/ဆက်)