ကယားပြည်နယ်တွင် ကိုဗစ်-၁၉ ကာလအတွင်း သမဝါယမအသင်းများ ချိတ်ဆက်၍ ကြက်သွန်နီများ ဖြန့်ဖြူးရောင်းချ

လွိုင်ကော် ဩဂုတ် ၁၈

ကယားပြည်နယ် သမဝါယမအသင်းစုချုပ်သည် မကွေးတိုင်းဒေသကြီး ၊ ဆိပ်ဖြူမြို့နယ်မှ အသင်းသားတောင်သူများ စိုက်ပျိုး ထုတ်လုပ်သော ကြက်သွန်နီများကို ကိုဗစ်-၁၉ ကာလအတွင်း ဈေးကွက်ရရှိစေရန်၊ ကုန်စည်စီးဆင်းမှု မှန်ကန်မြန်ဆန်စွာ လည်ပတ် နိုင်ရန် နှင့် ကယားပြည်နယ် အတွင်းရှိ သမဝါယမအသင်းသားများ ဝယ်ယူစားသုံးရာတွင် အဆင်ပြေစေရန် ရည်ရွယ်၍ ယနေ့ နံနက်ပိုင်း မှစ၍ ကြက်သွန်နီများကို ပြည်နယ်အတွင်းရှိ မြို့နယ်များသို့ လိုက်လံဖြန့်ဖြူး ရောင်းချပေးခဲ့သည်။

အဆိုပါကြက်သွန်နီများကို မကွေးတိုင်းသမဝါယမအသင်းစုချုပ်နှင့်ချိတ်ဆက်၍ မကွေးတိုင်းဒေသကြီး ၊ ဆိပ်ဖြူမြို့နယ်မှ ထွက်ရှိသော ကြက်သွန်နီ (လတ်/ကြီး/လတ်သန့်) ပိဿာချိန် ၅၃၀၀ ကို တစ်ပိဿာလျှင် ငွေကျပ် ၆၀၀ နှုန်းဖြင့်ဝယ်ယူ၍ ကယားပြည်နယ် ဝန်ထမ်းပေါင်းစုံသမဝါယမအသင်းမှ ပိဿာ ၅၀၀နှုန်း ၊ သမဝါယမဦးစီးဌာန ဝန်ထမ်းများ ငွေစုငွေချေးအသင်းမှ ပိဿာ ၅၀၀ နှုန်း ၊ ဘောလခဲ မြို့နယ်နှင့် ဖားဆောင်းမြို့နယ် သမဝါယမအသင်းစုတို့ မှ ပိဿာ ၃၀၀နှုန်း ၊ ရှားတောမြို့နယ် သမဝါယမအသင်းစုမှ ပိဿာ ၂၀၀နှုန်းဖြင့် အသင်းသားများထံသို့ ဝယ်ယူသည့်ဈေးနှုန်းအတိုင်း အသီးသီးဖြန့်ဖြူး ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

စိုးလှိုင်ဌေး(ပြန်/ဆက်)