ရေဦး ဩဂုတ် ၁၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရေဦးမြို့နယ် လူ၀င်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာဦးစီး ဌာနမှူး ရုံးမှ အမျိုးသားရေး တာ၀န်တစ်ရပ်အနေဖြင့် အသက် ၁၈ နှစ်ပြည့်သူများ အဆင်ပြေစွာမဲပေးနိုင်ရေး နိုင်ငံသား စိစစ်ရေးကတ်များကို ရုံးပိတ်ရက် မထားဘဲ နေ့ချင်းပြီး ဆောင်ရွက်ပေးနေကြောင်း သိရသည်။
အသက် ၁၈ နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်များ နေ့ချင်းပြီး ပြုလုပ်ပေးရာတွင် ကျန်းမာရေးနှင့် အားကစား ၀န်ကြီးဌာန၏ လမ်းညွှန်ချက်၊ ၀န်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ အခမဲ့ ပြုလုပ်ပေး နေခြင်း ဖြစ်ပြီး နိုင်ငံသားစိစစ်ရေးကတ် လာရောက် ပြုလုပ်သူများ နှာခေါင်းစည်းမပါပါက အခမဲ့ပေးဝေခြင်း၊ လက်ဆေးပြီးမှ ရုံးတွင်း ၀င်ရောက်၍ လျှောက်လွှာ တင်ခြင်းစေခြင်း၊ လူစုလူဝေးမဖြစ်စေရန် တစ်ဦးနှင့်တစ်ဦး ခြောက်ပေအကွာ နေရာချထားခြင်း၊ နားနေဆောင်တွင် စာဖတ်ရန်စာအုပ်၊ စာစောင်များ ထားရှိပေးခြင်း၊ တီဗီတပ်ဆင်ပြသ ပေးထားခြင်းများ စီစဉ်ထားကြောင်း ဦးစီးဌာနမှူးကပြောကြားခဲ့သည်။
နိုင်ငံသားစိစစ်ရေးကတ် နေ့ချင်းပြီးရရှိမှုနှင့်ပတ်သက်၍ နိုင်ငံသားစိစစ်ရေးကတ် လာရောက်ပြုလုပ်သူ မကျီးတောကျေးရွာမှ မမေသင်္ကြန်က “ ကျွန်မအခု လ.၀.ကရုံးကို နံနက်ပိုင်းကရောက်ပါတယ်၊ အသက် ၁၈ နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ် လာရောက် ပြုလုပ်ခြင်းဖြစ်ပါတယ်၊ နိုင်ငံသားစိစစ်ရေး ကတ်မပြုလုပ်ခင်မှာ နိုင်ငံသားစိ စစ်ရေးကတ် ပြုလုပ်ဖို့ ဘာတွေလိုအပ်သလဲ စုံစမ်းရန်ဌာနမှာ ဖုန်းဖြင့် ဆက်သွယ်မေးခဲ့ပါတယ်၊ ဌာနက ရှင်းပြတဲ့အတိုင်း မှတ်သားပြီး လိုအပ်တဲ့ အချက်အလက်ပြည့်စုံအောင် ရှာယူခဲ့တယ်၊ လ၀ကရုံးကို ကာယကံရှင်နှင့်အတူ မိဘ သို့မဟုတ် အုပ်ထိန်းသူမှ လာရောက်လျှောက်ထားရတယ်၊ အချက်အလက် အနေနဲ့ကတော့ လျှောက်ထားသူပါတဲ့ အိမ်ထောင်စုလူဦးရေစာရင်း မူရင်းနှင့် မိတ္တူတစ်စောင်၊ မျိုးရိုးစဉ်ဆက် ဇယား ဖြည့်စွက်ပြီးသော ရှေ့ပြေးလျှောက်လွှာ၊ အသက်အတွက် ကျောင်းထောက်ခံချက် သို့မဟုတ် မွေးစာရင်း မူရင်းနှင့် မိတ္တူ၊ရပ်ကွက်ကျေးရွာအတွင်း နေထိုင်ကြောင်း သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှုး၏ ထောက်ခံ ချက်၊ (သုည ဒသမ ရှစ်) လက်မပတ်လည် ဓာတ်ပုံ (၄) ပုံ ပါရပါတယ်၊ လျှောက်ထား တဲ့အချက် အလက် ပြည့်စုံမှုရှိမရှိ ရုံးမှကြည့်ရှုစစ်ဆေးပြီး ပြည့်စုံမှုရှိ တယ်ဆိုမှ နိုင်ငံသားစိစစ်ရေးကတ်တွင် ကိုယ်တိုင် လက်ဗွေရာ နှိပ်ပေးရတယ်၊ ပြီးတော့မှ လ၀ကဦးစီးမှူးက ကတ်ပြားမှာ လက်မှတ်ထိုးပြီး နေ့ချင်း ထုတ်ပေး ခဲ့ပါတယ် “ ဟုရှင်းပြခဲ့သည်။
၂၀၂၀ ရွေးကောက်ပွဲအမီ အသက် ၁၈ နှစ်ပြည့်သူများ အဆင်ပြေစွာမဲပေးနိုင်ရေးအတွက်ဧပြီလ မှစ၍ ယနေ့ COVID -19 ဖြေလျှော့ကာလ ဩဂုတ်လ၀က်အထိ လူဦးရေ တစ်ထောင်ကျော် နိုင်ငံသားစိစစ်ရေးကတ် ပြုလုပ်ပေးပြီးဖြစ်သလို ရုံးပိတ်ရက် မထားဘဲ ဆက်လက်ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သန်းထိုက် (ရေဦး)