ကံမမြို့နယ်တွင် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း(VRFP) ရန်ပုံငွေများ ကျေးရွာ(၈)ရွာမှ ပြည်သူများအား ထုတ်ချေး ပြီးစီး

ကံမ ဩဂုတ် ၁၈

နိုင်ငံတော်အစိုးရမှ ချမှတ်ထားသော ကိုဗစ်-၁၉ ကာလ စီးပွားရေးကုစားမှု အစီအစဉ်အရ စီးပွားရေး ထိခိုက်မှုများကို ပြန်လည် ကုစားရန်အတွက် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်းများကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိရာ သရက်ခရိုင်၊ ကံမမြို့နယ်တွင် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း (VRFP) ရန်ပုံငွေများ ကျေးရွာ(၈)ရွာမှ ပြည်သူများအား ထုတ်ချေး ပြီးစီးကြောင်းသိရသည်။

ကျေးရွာမတည် ရန်ပုံငွေစီမံကိန်းကို  ပုံစံသုံးမျိုးဖြင့် ထုတ်ပေးခဲ့ပြီး အိမ်ခြေ ၁၀၀ နှင့်အထက် ကျီးမီး ကျေးရွာ၊ ရေလယ်ကျွန်း တောင်ကျေးရွာ၊ ပဇင်းနိမ့်ကျေးရွာ၊ သပြေကိုင်းကျေးရွာနှင့် ပယ်ကျကျေးရွာတို့အား ရန်ပုံငွေ  ကျပ်သိန်း ၃၀၀ စီကို လည်းကောင်း၊ အိမ်ခြေ ၅၀ နှင့် ၁၀၀ ကြား ဇီးတောကျေးရွာနှင့် ဇီးဖြူကွင်း ကျေးရွာတို့အား ရန်ပုံငွေ ကျပ်သိန်း ၂၀၀ စီကို လည်းကောင်း၊ အိမ်ခြေ ၅၀ နှင့်အောက် မင်းကျေးရွာအား ရန်ပုံငွေ ကျပ်သိန်း ၁၀၀ ကို လည်းကောင်း ကျေးရွာကော်မတီများမှတဆင့် ကျေးရွာသူ ကျေးရွာသားများအား ထုတ်ချေးပေးခဲ့သည်။

အဆိုပါ ကျေးရွာများမှ လုပ်ကွက်ငယ်တောင်သူများ လိုအပ်သော ငွေကြေးအရင်းအနှီးများ ရရှိစေရန်  မတည်ရန်ပုံငွေများ ထုတ်ပေး ခဲ့ခြင်းဖြစ်ပြီး စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ ၄၇၉ ဦး ၊မွေးမြူရေးလုပ်ငန်းလုပ်ကိုင် သူ (၂၉၉ )ဦး၊ အရောင်းအဝယ်လုပ်ကိုင်သူ (၃၇)ဦး၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းလုပ်ကိုင်သူ (၄)ဦး၊ ကုန်ထုတ် လုပ်ငန်းလုပ်ကိုင်သူ (၃)ဦးနှင့် ရေလုပ်ငန်း လုပ်ကိုင်သူ (၁)ဦးတို့အား မတည်ရန်ပုံငွေများ ထုတ်ချေးပေးခဲ့ကြောင်း ကံမမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ် ဦးစီးမှူး ဦးသူရရှိန်ထံမှ သိရသည်။

ကျော်ဇေယျဝင်း(ကံမ)