မြင်းခြံမြို့တွင် ကိုဗစ် - ၁၉ ရောဂါ၏ စီးပွားရေးအပေါ် ထိခိုက်မှုသက်သာရေးစီမံချက်အရ ဆိုနာလီကာ (90HP) ထွန်စက်များ ဈေးနှုန်းသက်သာစွာရောင်းချပေး

မြင်းခြံ ဩဂုတ် ၁၈

ကိုဗစ် - ၁၉ ရောဂါ၏ စီးပွားရေးအပေါ်ထိခိုက်မှု သက်သာရေးစီမံချက်တွင် ပါဝင်သော Cash to Support Input (Agricultural Machinery) in time for Moonsoon Planing အရ ကိုဗစ်-၁၉ ကာလအတွင်း စီးပွားရေး ထိခိုက်ခံစားခဲ့ရသော မြင်းခြံမြို့နယ်အတွင်းရှိ ဒေသခံတောင်သူလယ်သမားများအား ပြန်လည်ထူထောင်နိုင်ရေး လုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက် စက်မှုလယ်ယာဦးစီးဌာနမှ တောင်သူလယ်သမားများထံသို့ Sonalika (90HP) ထွန်စက်ကြီး (၄) စီးကို ဈေးနှုန်းသက်သာစွာဖြင့် မြင်းခြံမြို့နယ် ဆင်းဂွတ်၊ ကျီးပင်ကန်၊ ကိုင်း(မြောက်) နှင့် ငါန်းဇွန်မြို့နယ် သူနတ်စစ်ကျေးရွာများရှိ တောင်သူများသို့ရောင်းချခဲ့ပြီး လွှဲပြောင်းပေးအပ်ပွဲကို ယမန်နေ့ က မြင်းခြံမြို့ အမှတ် (၆) စက်မှုလယ်ယာစခန်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအခမ်းအနားတွင် မြင်းခြံခရိုင်စက်မှုလယ်ယာဦးစီးဌာန ခရိုင်ဦးစီးဌာနမှူး ဦးလှမြိုင်က Sonalika (90HP) ထွန်စက်ကြီး (၄)စီး ဈေးနှုန်းသက်သာစွာရောင်းချပြီးနှင့် ပတ်သက်၍ “နိုင်ငံတော်အစိုးရမှ ချမှတ်ထားသော Cash to Support Input (Agricultural Machinery) in time for Moonsoon Planing အရ ကိုဗစ်-၁၉ ကာလ စီးပွားရေးကုစားမှု အစီအစဉ်နှင့် မုတ်သုန်ရာသီချိန်မီစိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်ဖြစ်ကြောင်း” ပြောကြားခဲ့သည်။

ထို့နောက် မြင်းခြံမြို့နယ် စက်မှုလယ်ယာဦးစီးဌာန အမှတ် (၆) စက်မှုလယ်ယာစခန်း မြို့နယ်ဦးစီးဌာနမှူး ဦးစိန်မောင်တိုးက Sonalika (90HP) ထွန်စက်ကြီး (၄) စီးနှင့်ပတ်သက်သည့် စာရွက်စာတမ်းအထောက်အထားများကို သက်ဆိုင်ရာကျေးရွာများရှိ တောင်သူများထံ လွှဲပြောင်းပေးအပ်ခဲ့သည်။ Cash to Support Input (Agricultural Machinery) in time for Moonsoon Planing အရ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချခဲ့သော Sonalika (90HP) ထွန်စက်ကြီး (၄) စီးနှင့် ပတ်သက်ပြီး တောင်သူများ စနစ်တကျ ကိုင်တွယ်မောင်းနှင်နိုင်စေရန်နှင့် စက်ကိရိယာ ကြံ့ခိုင်ထိန်းသိမ်းမှုလုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်တတ်စေရန်အတွက်လည်း စက်မှုလယ်ယာဦးစီးဌာနမှ ကျွမ်းကျင်ဝန်ထမ်းများက ကျေးရွာများအရောက် လိုက်လံရှင်းလင်းသင်ကြားပြသပေးခဲ့ကြောင်း သိရှိရသည်။

ကျော်စွာ(မြင်းခြံ)