ကျုံပျော် သြဂုတ် ၁၈
ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးအထူးကောင်းမွန်ရန်၊ မွေးဖွားသည့်ကလေးငယ်များ ကျန်းမာ သန်စွမ်းပြီး ဉာဏ်ရည်ဖွံ့ဖြိုးစေရန်အတွက် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်၊ မိခင်နှင့် ကလေးကျန်းမာရေးဌာနတွင် ကိုယ်ဝန်ဆောင်မိခင်များအတွက် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ် လှုပ်ရှားမှုကို ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာတင်ဇော်ဝင်းက ကိုယ်ဝန်ဆောင် မိခင်များအနေဖြင့် အာဟာရပြည့်ဝသည့် အစားအစာများ စားသုံးတတ်ရန်နှင့် ဌာနကပေးသည့် ဆေးများကို ပုံမှန်သောက်သုံးရန်လိုကြောင်း၊ ကျန်းမာရေးအသိရှိပြီး လိုက်နာကျင့်ကြံရန် လိုအပ်ကြောင်း၊ ယခု ကိုဗစ်-၁၉ ကာလတွင်လည်း ရောဂါကူးစက်ခံရမှု မရှိစေရေးအတွက် လူစုလူဝေးရှောင်ရှားရန်၊ အပြင်ထွက်တိုင်း Mask တပ်ရန် နှင့် စနစ်တကျလက်ဆေးရန်တို့ကို ဆွေးနွေးပြောကြားသည်။
ထို့နောက် သက်ဆိုင်ရာကျန်းမာရေးဆရာမများက အစာအုပ်စု (၃) ခု ပါဝင်အောင်စားသုံးရေး၊ ကလေးဉာဏ်ရည်ကောင်းရန် အိုင်အိုဒင်းဆားစားသုံးရေးတို့ကို အသေးစိတ် ပြောကြားပြီး ကြက်သားဆန်ပြုတ်အာဟာရ တိုက်ကျွေးခဲ့သည်။
အဆိုပါ အာဟာရရက်သတ္တပတ် လှုပ်ရှားမှုသို့ ဌာနဆိုင်ရာအကြီးအကဲများ၊ NGO အဖွဲ့များ တက်ရောက်ခဲ့ကြပြီး ကိုယ်ဝန်ဆောင် မိခင်များအတွက် အားဆေး၊ ဗီတာမင် B1 ၊ သံဓာတ်အားဆေး၊ အိုင်အိုဒင်းဆားများအပြင် လက်သန့်ဆေးရည်များကိုလည်း ဖြန့်ဝေပေးခဲ့ကြောင်း၊ ကျန်းမာရေး ဝန်ထမ်းများက ဦးဆောင်ကာ တစ်မြို့နယ်လုံးတွင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
နေဝင်းမြင့်(ကျုံပျော်)