စေတုတ္တရာ ဩဂုတ် ၁၈
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မဏ္ဍပ်ကိုင်းကျေးရွာ မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေ(ပဉ္စမအကြိမ်)ကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အရောင်းအဝယ်လုပ်ကိုင်မည့် တောင်သူ (၁၃၁)ဦးအား မဏ္ဍပ်ကိုင်းကျေးရွာ စုရပ်ဆောင်တွင် ယမန်နေ့ နေ့လယ်ပိုင်းက ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
မဏ္ဍပ်ကိုင်းကျေးရွာ မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေ (ပဉ္စမအကြိမ်) ကို ကျေးရွာအတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်မည့် တောင်သူ(၄၀)ဦး၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်မည့် တောင်သူ(၈၆)ဦး၊ အရောင်းအဝယ် လုပ်ကိုင်မည့် တောင်သူ(၅)ဦး စုစုပေါင်းတောင်သူ(၁၃၁)ဦးအား မြစိမ်းရောင် ရန်ပုံငွေချေးငွေ ကျပ်သိန်း(၄၀၀)အား မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးထွန်းလင်းနှင့်ဝန်ထမ်းများက ကွင်းဆင်းကြီးကြပ် ဆောင်ရွက်ပေးကာ နေ့ချင်းပြီး ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
အဆိုပါ မြစိမ်းရောင်ကျေးရွာစီမံကိန်းကို ကျေးလက်ဒေသများတွင် အလုပ်အကိုင်အခွင့်အလမ်းနှင့် မိသားစုဝင်ငွေတိုးပွားလာစေခြင်းဖြင့် ကျေးလက်ဒေသဆင်းရဲမှုနှုန်းကိုလျှော့ချရန်၊ တိုးပွားလာသော ရန်ပုံငွေ များဖြင့် ကျေးရွာအတွက် အမှန်တကယ်လိုအပ်သော ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများကို ကျေးရွာမှ ကိုယ်တိုင် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်၊ ကျေးလက်နေပြည်သူလူထု၏ စွမ်းဆောင်ရည် တိုးတက်လာစေရန် နှင့်မမျှော်မှန်းနိုင်သော ဘေးအန္တရာယ်များ ကျရောက်လာပါက တုံ့ပြန်မှုအားကောင်းသော လူမှုအဖွဲ့အစည်း များ ပေါ်ပေါက်လာစေရန် ရည်ရွယ်ချက်များဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
စည်သူလွင်(ပြန်/ဆက်)