ပွင့်ဖြူမြို့နယ် သခွပ်ကုန်းကျေးရွာတွင် Cash For Work စီမံကိန်းဖြင့် ကျေးရွာတွင်းလမ်း ကွန်ကရစ်လမ်းအဆင့်မြှင့်တင် ဆောင်ရွက်ခြင်းလုပ်ငန်း ၉၀ ရာခိုင်နှုန်းခန့် ပြီးစီး

ပွင့်ဖြူ ဩဂုတ် ၁၈

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ် ရွာသစ်ကုန်းကျေးရွာအုပ်စု ၊ သခွပ်ကုန်းကျေးရွာတွင် ဒေသခံပြည်သူများ ကိုဗစ် - ၁၉ ရောဂါဖြစ်ပွားသည့်ကာလအတွင်း စီးပွားရေးထိခိုက်မှုများအပေါ် ပြန်လည်ကုစားပေးသည့်အနေဖြင့် ဒေသခံ ပြည်သူများ ဝင်ငွေရရှိရေးနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်စေရေးအတွက် Cash For Work စီမံကိန်းဖြင့် ကျေးရွာတွင်းမြေသား လမ်းအား ကျေးရွာနေပြည်သူများ၏လုပ်အားဖြင့် ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းပြီးစီးမှု ၉၀ ရာခိုင်နှုန်းခန့် ပြီးစီးသွားပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

အဆိုပါ Cash For Work စီမံကိန်းဖြင့် ဆောင်ရွက်နေသည့် ကျေးရွာတွင်း ကွန်ကရစ်လမ်းအဆင့်မြှင့်တင် ဆောင်ရွက်နေမှုအား သတ်မှတ်စံချိန်စံညွှန်းများနှင့် အညီ လုပ်ငန်းအရည်အသွေး ပြည့်မီမှု ရှိ/မရှိ ယနေ့နံနက်ပိုင်းက ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင် ၊ စီမံကိန်းလုပ်ငန်းတာဝန်ခံ ဦးစီးအရာရှိ(နည်းပညာ) ဒေါ်လွင်ဝေအောင်နှင့် ဝန်ထမ်းများအဖွဲ့က ကွင်းဆင်းတိုင်းတာ စစ်ဆေးခဲ့ပြီး စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပွင့်လင်းမြင်သာမှုရှိစွာ ဆောင်ရွက်သွားရန်နှင့် စီမံကိန်းမှ ချမှတ်ထားသော မူဘောင်များကို အလေးထား လိုက်နာဆောင်ရွက်သွားရန် ဆွေးနွေးမှာကြားခဲ့သည်။

ပွင့်ဖြူမြို့နယ် သခွပ်ကုန်းကျေးရွာတွင် ဒေသခံပြည်သူများ ဝင်ငွေရရှိရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်သည့် Cash For Work စီမံကိန်းဖြင့် ကျေးရွာတွင်းလမ်း အရှည်ပေ ၇၅၀ အား အကျယ် ၁၁ ပေ ၊ ထု ၆ လက်မရှိ ကွန်ကရစ်ခင်းခြင်းလုပ်ငန်းအား စီမံကိန်းရန်ပုံငွေ သိန်း ၁၀၀ ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ပြီး ယခုအခါ ကွန်ကရစ်ခင်းခြင်းလုပ်ငန်းမှာ ၉၀ ရာခိုင်နှုန်းခန့် ဆောင်ရွက်ပြီးစီးသွားဖြစ်ကြောင်း သိရသည်။

ယခု ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ကိုဗစ် - ၁၉ ရောဂါဖြစ်ပွားမှုကြောင့် ပြည်သူများ ရင်ဆိုင်ကြုံတွေ့ နေရသည့် အလုပ်အကိုင်အခွင့်အလမ်းနှင့် စီးပွားရေးထိခိုက်မှုများအပေါ် ပြန်လည်ကုစားပေးသည့်အနေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သည့် Cash For Work စီမံကိန်းလုပ်ငန်းကို ပွင့်ဖြူမြို့နယ်အတွင်း ကျေးရွာပေါင်း(၁၂)ရွာတွင် ကျေးရွာတွင်းလမ်း မြေနီကျောက်စရစ်ခင်းခြင်းလုပ်ငန်း၊ ရေနုတ်မြောင်းများ တူးဖော်ခြင်းနှင့် ကွန်ကရစ်လမ်းများ အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများ ကို ကျေးရွာတစ်ရွာလျှင် စီမံကိန်းရန်ပုံငွေ သိန်း(၁၀၀)စီ အသုံးပြု၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင် ထံမှ သိရသည်။

ရဲဝင်းနိုင် ( ညောင်ဦး )