ဂန့်ဂေါ ဩဂုတ် ၁၈
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ် ကျေးရွာများရှိ ကျေးလက်နေပြည်သူများ ကိုဗစ်-၁၉ ကာလအတွင်း စီးပွားရေး ထိခိုက်မှုများအပေါ် ကုစားသည့်အနေဖြင့် အကောင်အထည်ဖော်ဆောင်ရွက် မည့် ကျေးရွာမတည် ရန်ပုံငွေစီမံကိန်း(VRFP) လုပ်ငန်းအတွက် ရန်ပုံငွေထုတ်ချေးပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက ဟံသာဝတီကျေးရွာရှိ ဓမ္မာရုံ၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ဂန့်ဂေါမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြား ရေးမှူး ဒေါ်မြသက်ထွေးက ကိုဗစ်-၁၉ ကာလအတွင်း ကျေးလက်နေပြည်သူများ စီးပွားထိခိုက်မှုများအပေါ် ကုစားသည့် အနေဖြင့် ကျေးရွာ မတည်ရန်ပုံငွေ စီမံကိန်းလုပ်ငန်းကို အကောင်အထည်ဖော်ဆောင်ရွက်ပေး ခြင်းဖြစ်ပြီး ယခု ထုတ်ချေးပေးမည့် ရန်ပုံငွေများကို အကျိုးရှိစွာ လုပ်ကိုင်ကြရန် ရှင်းလင်းပြောကြားသည်။
ထို့နောက် မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများက ဂန့်ဂေါမြို့နယ် ဟံသာဝတီကျေးရွာတွင် စိုက်ပျိုးရေးလုပ်ကိုင်သူ (၉၇)ဦးအတွက် (၁၂၃)သိန်း၊ မွေးမြူရေးလုပ်ကိုင်သူ(၁၂၇)ဦးအတွက် (၁၄၀) သိန်း၊ အရောင်းအဝယ် လုပ်ကိုင်သူ(၁၉)ဦးအတွက် (၂၄)သိန်း၊ အသက်မွေးဝမ်းကျောင်း (၁၂)ဦးအတွက် (၁၃)သိန်း စုစုပေါင်း (၂၅၅)ဦးအတွက် ကျပ်သိန်း(၃၀၀)ထုတ်ချေးပေးခဲ့သည့်အပြင် ကန်ကျေးရွာတွင်လည်း လူဦးရေစုစုပေါင်း (၁၉၇)ဦးအတွက် ငွေကျပ်သိန်း(၃၀၀)ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
အလားတူ ဂန့်ဂေါမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဦးသက်ပိုင်စိုးနှင့် ဝန်ထမ်း များက လယ်ကြီးအရှေ့ကျေးရွာတွင် စိုက်ပျိုးရေးလုပ်ကိုင်သူ(၇၃)ဦးအတွက် (၂၄၄)သိန်း၊ မွေးမြူရေးလုပ်ကိုင်သူ (၁၂)ဦးအတွက် (၃၈)သိန်း၊ အရောင်းအဝယ်လုပ်ကိုင်သူ (၅)ဦး အတွက် (၁၈)သိန်း စုစုပေါင်း (၉၀)ဦးအတွက် ငွေကျပ်သိန်း (၃၀၀)ထုတ် ချေးပေးခဲ့သည့်အပြင် လယ်ကြီး အနောက်ကျေးရွာတွင်လည်း စိုက်ပျိုးရေးလုပ်ကိုင်သူ (၇၆)ဦးအတွက် (၂၃၄)သိန်း၊ မွေးမြူရေး လုပ်ကိုင်သူ (၃၂)ဦးအတွက် (၆၄)သိန်းနှင့် အရောင်းအဝယ်လုပ်ကိုင်သူ (၁)ဦးအတွက် (၂)သိန်း စုစုပေါင်း (၁၀၉)ဦး အတွက် ငွေကျပ်သိန်း (၃၀၀)ကို လက်ဝယ်အရောက် ထုတ်ချေးပေးခဲ့ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရှိရသည်။
ထင်အောင်နိုင်(ဂန့်ဂေါ)