ချောင်းဦးမြို့နယ်တွင် ပုံမှန်၀င်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု (၁၇၃၈၇) အား ထောက်ပံ့ငွေများ လက်၀ယ်အရောက်ပေးအပ်

ချောင်းဦး ဩဂုတ် ၁၈

စစ်ကိုင်းတိုင်းဒေသကြီး၊ ​ချောင်းဦးမြို့နယ်တွင်  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလအတွင်း နိုင်ငံတော်မှ ပေးအပ်သည့် ထောက်ပံ့ငွေများကို ယမန်နေ့ ညနေ(၃)နာရီအချိန်တွင် ပုံမှန်၀င်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု (၁၇၃၈၇)၏ အိမ်ထောင်စု၀င်များ လက်၀ယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ချောင်းဦးမြို့နယ်ရှိ မြို့ပေါ်ရပ်ကွက် (၆) ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၃၂)အုပ်စုရှိ ပုံမှန်၀င်ငွေမရှိသော အခြေခံ လူတန်းစား အိမ်ထောင်စု (၁၇၃၈၇) စုအတွက် အိမ်ထောင်စုတစ်စုလျှင် ကျပ်နှစ်သောင်းစီကို မြို့နယ်စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ ဦးအောင်ဘော်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများက အိမ်ထောင်စု၀င်များ လက်၀ယ်အရောက် ထောက်ပံ့ ပေးအပ်ခဲ့ကြသည်။

ချောင်းဦးမြို့နယ်ရှိ အခြေခံလူတန်းစား အိမ်ထောင်စု (၁၇၃၈၇) စုအတွက် စုစုပေါင်း ထောက်ပံ့ငွေမှာ ငွေကျပ် (၃၄၇၇) သိန်း၊ (၄) သောင်းဖြစ်ပြီး ကိုဗစ်ကာလအတွင်း စား၀တ်နေရေးအတွက် အထောက်အကူဖြစ်စေရန် အခြေခံလူတန်းစား အိမ်ထောင်စုများကို ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း သိရသည်။

ယမင်း (ရွှေဦးမြေ)