သရက်ခရိုင်၊ အောင်လံမြို့နယ် ဒုရင်္ဂဗိုလ်ကျေးရွာ၌ CERP Plan အရ စပါးမျိုးစေ့ထုတ်စိုက်ခင်းများစိုက်ပျိုး

အောင်လံ ဩဂုတ် ၁၈

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အောင်လံမြို့နယ် ဒုရင်္ဂဗိုလ်ကျေးရွာအုပ်စု ဒုရင်္ဂဗိုလ်ကျေးရွာတွင် ယမန်နေ့နံနက် (၈)နာရီက ၂၀၂၀ ပြည့်နှစ် မိုးရာသီ CERP Plan အရအကျိုးဆောင်တောင်သူ ဦးချန်ထွန်း၏ လယ်မြေစံပြစိုက်ကွက်တွင်  ဧရာမင်း စပါးမျိုးစေ့ထုတ်စိုက်ခင်းအား စိုက်ပျိုးခဲ့ရာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ကွင်းဆင်း၍စိုက်ပျိုးနည်းပညာများ ကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ဒုရင်္ဂဗိုလ်ကျေးရွာအုပ်စုတွင် ဒုရင်္ဂဗိုလ်လျှပ်စစ်မြစ်ရေတင်ဧရိယာ၌ မျိုးကောင်းမျိုးသန့် စပါးမျိုးစေ့ထုတ် စိုက်ခင်း လျာထား ဧရာမင်း(၆၀)ဧက  စိုက်ပျိုးသွား မည်ဖြစ်ကြောင်းသိရသည်။ ယင်းစပါးမျိုးစေ့ထုတ် စိုက်ခင်းများမှ ထွက်ရှိ လာသော မျိုးကောင်းမျိုးသန့် မျိုးစပါးများကို အကျိုးဆောင်တောင်သူများမှ အခြားတောင်သူများအား ဆက်လက် ဖြန့်ဝေ ပေးခြင်းဖြင့်နှစ်စဉ် မျိုးစပါးဝယ်ယူရေးအခက်အခဲများ အဆင်ပြေသွားမည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးထွန်းလှအောင် ထံမှသိရသည်။

မျိုးသိန်း(ပြန်/ဆက်)