မင်းဘူး(စကု)မြို့နယ်တွင် ကို​ဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်ဖြင့် ဆောင်ရွက်သော စပါးမျိုးစေ့ထုတ် တောင်သူများကို ထောက်ပံ့ငွေပေးအပ်သွားမည်

မင်းဘူး ဩဂုတ်  ၁၈

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်တွင် ကိုဗစ်-၁၉ စီးပွားရေး ကုစားမှုအစီအစဉ်ဖြင့် ဆောင်ရွက်သော မိုးစပါး မျိုးစေ့ထုတ်တောင်သူများကို နိုင်ငံတော်မှ ထောက်ပံ့ငွေ ပေးအပ်သွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရ သည်။

ထိုသို့ဆောင်ရွက်ရာတွင် တောင်သူများနှင့် နေရာဒေသ စိစစ်ရွေးချယ်ရေးနှင့် ပတ်သက်၍ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးသိန်းနိုင်ဝင်းက “ရေ/မြေ သေချာတဲ့ဒေသ၊ RS မျိုးသန့်မျိုးပွားကိုသာအသုံးပြုစေပြီး ကြဲပက်စနစ်ကို လုံးဝခွင့်မပြုဘဲ အတန်းလိုက် တန်းလှပ် စနစ်ကိုသာ ခွင့်ပြုပေးထားပါတယ်၊ SGC နဲ့ နှစ်စဉ် မျိုးစေ့ ထုတ်လုပ်ငန်းကို လုပ်ကိုင်ဆောင်ရွက်သူတွေရယ် နောက်ပြီး စပါးမျိုးစေ့ထုတ်တောင်သူများလိုက်နာရမည့် အချက် (၁၆) ချက်ကို လိုက်နာဆောင်ရွက်နိုင်မှသာ ဆောင်ရွက်ခွင့်ပေးထားတာဖြစ်ပါတယ်” ဟု ပြောကြားသည်။

ထောက်ပံ့ငွေပေးအပ်ရာတွင် လုပ်အားခအဖြစ် တစ်ဧကကို  စိုက်ပျိုးစရိတ်ခ ငွေကျပ် ၇၅၀၀၀ ၊ မျိုးကွဲနှုတ်ပယ်ခ ငွေကျပ် ၅၀၀၀၀ ၊ မျိုးစေ့သန့်စင်ခ ငွေကျပ် ၁၅၀၀၀ နှင့် အရည်အသွေးကောင်းမျိုးစေ့ ဧရာမင်းမျိုးစပါးတစ်တင်းကို ငွေကျပ် ၁၀၅၀၀ နှင့် အခြား ထွက်နှုန်း ကောင်းမျိုးစေ့ စပါးတစ်တင်းကို ငွေကျပ် ၈၅၀၀ နှုန်းဖြင့်ထုတ်ပေးမည်ဖြစ်ပြီး စိုက်ပျိုးမည့် မျိုးစပါးအပေါ်မူတည်၍ ထောက်ပံ့ငွေရရှိမှာဖြစ်ကြောင်း ဦးသိန်းနိုင်ဝင်းက ဆက်လက်ပြောကြားသည်။

မင်းဘူး(စကု)မြို့နယ်တွင် အိုင်းမဆည်နှင့် မဲဇလီရေလွှဲဆည်းများမှ ဆည်ရေသောက် ဧရိယာအတွင်း ကျေးရွာအုပ်စုပေါင်း ၂၆ အုပ်စုမှ မျိုးစေ့ထုတ်တောင်သူ ၁၃၈ ဦးဖြင့် ဧရာမင်း၊ မနှောသုခ၊ ဆင်းသုခနှင့် ပခန်းရွှေဝါ စပါးမျိုးများကို ဧက ၇၀၀ ဆောင်ရွက် လျက်ရှိရာ ယနေ့အထိ ၄၄၅ ဧက (၆၃ ရာခိုင်နှုန်း) စိုက်ပျိုးပြီးစီးနေပြီး ဩဂုတ်လအတွင်း အပြီး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ရေးဦးစီးဌာနရုံးမှ သိရသည်။

မောင်မောင်(မင်းဘူး)