ခရီးသွားလုပ်ငန်းဆိုင်ရာ အခြေခံအင်္ဂလိပ်စာနှင့် ကွန်ပျူတာသင်တန်းဖွင့်ပွဲ ဖလမ်း၌ ပြုလုပ်

ဖလမ်း     ဩဂုတ်    ၁၇

ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနအနေဖြင့် ချင်းပြည်နယ်တွင်းရှိ ဒေသခံပြည်သူများ၏ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး၊ ခရီးသွားလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေးအတွက် အထောက်အကူဖြစ်စေရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ရည်ရွယ်ပြီး ဖွင့်လှစ်သော ခရီးသွားလုပ်ငန်းဆိုင်ရာ အခြေခံအင်္ဂလိပ်စာနှင့် ကွန်ပျူတာသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက ဖလမ်းမြို့၊ ဖာရ်ထောက်ရပ်ကွက်ရှိ Young Community Centre ခန်းမ၌ ကျင်းပပြလုပ်သည်။

အခမ်းအနားတွင် ချင်းပြည်နယ် ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီအတွင်းရေးမှူး၊ ချင်းပြည်နယ် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးအောင်ဖြိုးက သင်တန်းဖွင့်လှစ် ရခြင်းရည်ရွယ်ချက်များကို ရှင်းလင်းဆွေးနွေးသည်။ ထို့နောက် ဖလမ်းခရိုင် ခရီးစဉ်ဒေသ စီမံခန့်ခွဲရေးအဖွဲ့ နာယက၊ ပြည်နယ်လွှတ် တော်ကိုယ်စားလှယ် ဦးရာလ်နှင်နှင် ဖလမ်းမြို့နယ် ခရီးစဉ်ဒေသ စီမံခန့်ခွဲရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကြားအွယ်တို့က အမှာ စကားပြောကြားကြသည်။

အဆိုပါ ခရီးသွားလုပ်ငန်းဆိုင်ရာ အခြေခံအင်္ဂလိပ်စာနှင့် ကွန်ပျူတာသင်တန်းကို ဖလမ်းမြို့ ဒေသခံလူငယ် (၃၀)ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ (၁၇.၈.၂၀၂၀ ရက်နေ့မှ ၁၁.၉.၂၀၂၀) ရက်နေ့အထိ နံနက် ၉ နာရီမှ မွန်းတည့် ၁၂ နာရီထိ အခြေခံအင်္ဂလိပ်စာကို ဆရာကြီး ဦးဟရန်းလျန်ပုမ် က လည်ကောင်း၊ ညနေ ၁ နာရီမှ ၄ နာရီအထိ အခြေခံကွန်ပျူတာသင်တန်းကို ဦးနိုးအုပ်ထန်းကလည်းကောင်း အခမဲ့ သင်ကြားပို့ချမည်ဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ နံနက် ၁၀ နာရီအချိန်တွင် ချင်းပြည်နယ် ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ အတွင်းရေးမှူးက ဖလမ်းခရိုင်နှင့် ဖလမ်းမြို့နယ် ခရီးစဉ်ဒေသဖွံ့ဖြိုး တိုးတက်ရေး အဖွဲ့ဝင်များနှင့် တွေ့ဆုံဆွေးနွေးရာ အတွင်းရေးမှူး ဦးအောင်ဖြိုးက ခရီးစဉ်ဒေသစီမံခန့်ခွဲမှု အဖွဲ့ဝင်များ၏ လုပ်ငန်း တာဝန်ဝတ္တရားများနှင့် ခရီးသွားလုပ်ငန်း ဆောင်ရွက်နေမှုများကို ရှင်းလင်းဆွေးနွေးပြီး တက်ရောက် လာကြသည့် ခရိုင်၊ မြို့နယ်အဖွဲ့ဝင်များက သိရှိလိုသည်များ၊ ဆောင်ရွက်ပေးစေလိုသည့် အချက်များကို တင်ပြဆွေးနွေးကြကာ ကော်မတီအတွင်းရေးမှူးက ပြန်လည်ရှင်းလင်း ဆွေးနွေးပေး ကြောင်းသိရသည်။        

ခရိုင်ပြန်/ဆက်