ပွင့်ဖြူ ဩဂုတ် ၁၇
၂၀၂၀ ပြည့်နှစ် ၊ နိုဝင်ဘာလ (၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းများကို မြို့နယ်အတွင်းရှိ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာများရှိ မဲရုံများတွင် ထုတ်ပြန်ကြေညာထားရှိရာ ယနေ့ နံနက် ၉ နာရီခွဲက မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ မဲဆန္ဒရှင်ပြည်သူများ မဲပေးခွင့်ရရှိနိုင်ရေးအတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းသိန်းအောင် ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးအောင်စန်းမြင့်နှင့် တာဝန်ရှိသူများက မြို့ပေါ် ရပ်ကွက်များသို့ သွားရောက်ပြီး မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရေး တစ်အိမ်တက်ဆင်း လိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်။
မဲဆန္ဒရှင်စာရင်းများအတွက် မဲစာရင်းများကို သက်ဆိုင်ရာ ကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကပ်ထားကြေညာလျက်ရှိရာ မဲဆန္ဒရှင်ပြည်သူများအနေဖြင့် မဲစာရင်းတွင် မိမိအမည် ပါဝင်ခြင်း မရှိပါက ပုံစံ(၃)ဖြင့် တောင်းဆိုခြင်း ၊ မဲစာရင်းတွင် မပါဝင် သင့်ဘဲ ပါဝင်နေပါက ပုံစံ(၄)ဖြင့် ကန့်ကွက်ခြင်း ၊ မဲစာရင်း၌ ပါဝင်သည့်အချက်အလက်များ မှားယွင်းနေပါက ပုံစံ(၄ - ဂ)ဖြင့် ပြင်ဆင်ရန် တောင်းဆိုခြင်းများ ဆောင်ရွက်နိုင်ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်အတွင်း ပထမအကြိမ် မဲဆန္ဒရှင်အမည်စာရင်းများကို ကပ်ထားကြေညာရာ၌ ရပ်ကွက်(၄)ရပ်ကွက် အပါအဝင် ကျေးရွာအုပ်စု(၅၆)အုပ်စုတွင် မဲဆန္ဒရှင်ဦးရေပေါင်း ၁၃၂၇၅၈ ဦး ရှိကြောင်း သိရပြီး ယနေ့နံနက်ပိုင်းက မြို့နယ်အတွင်းရှိ မဲဆန္ဒရှင်ပြည်သူများ ရွေးကောက်ပွဲတွင် ပါဝင်မဲပေးနိုင်ရေးအတွက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းသိန်း အောင် ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးအောင်စန်းမြင့်နှင့် အဖွဲ့ဝင်များ ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက မြို့ပေါ် ရပ်ကွက်(၄)ရပ်ကွက်အား အဖွဲ့(၄)ဖွဲ့ခွဲပြီး တစ်အိမ်တက်ဆင်း သွားရောက်ပြီး မဲပေးခွင့်ရှိသော ပြည်သူများ မဲစာရင်းတွင် ပါဝင်ခြင်း ရှိ/ မရှိ စစ်ဆေးပြီး မပါဝင်ပါက ထည့်သွင်းပေးခြင်း ၊ မှားယွင်းနေပါက ပြင်ဆင်ပေးခြင်းတို့ကို ပြုလုပ်ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)