“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဟိုပန်မြို့ ရှမ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့အားတွေ့ဆုံ

ဟိုပန်      အောက်တိုဘာ     ၈

“ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီနပ်သည် ယနေ့ နံနက်၁၀ နာရီ အချိန်က “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်တိုင်း အစည်းအဝေးခန်းမတွင် ဟိုပန်မြို့၊ ရှမ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့အား ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ပတ်သက်၍ တွေ့ဆုံခဲ့သည်။

ယင်းသို့ တွေ့ဆုံရာတွင် ဥက္ကဋ္ဌက “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် တိုင်း/ခရိုင်/မြို့နယ် ဌာနဆိုင်ရာများအလိုက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်မှုအခြေအနေ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်မှုအခြေ အနေ၊  လူမျိုးဘာသာမခွဲခြားဘဲ ကိုးကွယ်ရာဘာသာအလိုက် ဓလေ့ထုံးတမ်းပွဲတော်များ ခွင့်ပြုပေးမှု အခြေအနေ များကို အသိပေးပြောကြားပြီး “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း အတွင်းနေထိုင်သော တိုင်းရင်းသားများအနေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်း များတွင် တက်ကြွစွာ ပူးပေါင်းပါဝင်ရေးအတွက် စာပေယဉ်ကျေးမှုအဖွဲ့များမှ ဦးဆောင်၍ လက်တွဲခေါ်ယူရန်၊ စိုက်ပျိုးရေးလုပ်ငန်းများတွင် အခက်အခဲရှိပါက တင်ပြသွားရန် ပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်ရှမ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့ဥက္ကဋ္ဌ ဦးစိုင်းဆာထွန်းက အဖွဲ့၏လုပ်ငန်းဆောင်ရွက်ချက်များ၊ ရည်ရွယ်ချက်များ၊ ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းများနှင့် စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ တောင်သူများ၏ အခက်အခဲများ ကူညီပေးရေးကို တင်ပြခဲ့သည်။ ဆက်လက်၍ ဦးစိုင်းစံအောင်က သီးနှံထွက်ကုန်များ တင်ပို့ရာတွင် ဆက်သွယ်မှုလမ်းကြောင်း ချိတ်ဆက်ပေးရေး၊ သီးနှံဖလှယ်ရောင်းဝယ်သည့် နေရာအား (၃၁)ဘုံစေတီကုန်းအနီး ကွင်းပြင်တွင် ခွင့်ပြုပေးရေးကိုလည်းကောင်း၊ ဦးစိုင်းရွှေထွန်း(နာယက) က ဈေးရပ်ကွက် လမ်းများအား တစ်လမ်းမောင်းအဖြစ် သတ်မှတ်ပေးရေး၊ ဈေးအနီးလမ်းမီးတိုင်များအား ကွန်ကရစ်တိုင်များဖြင့် လှဲလယ်ပေးရေးကိုလည်းကောင်း၊ ဦးစိုင်းအေးဆိုင်က စိုက်ပျိုးရေးထွက်ကုန်သီးနှံများအား ပြည်ပသို့တင်ပို့နိုင်ရေးဆက်သွယ်ဆောင်ရွက်ပေးရန်တို့ကို တင်ပြခဲ့ကြရာ ဥက္ကဋ္ဌက ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် ဟိုပန်မြို့နယ်ရှမ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့က ကိုဗစ်-‌၁၉ရောဂါကာကွယ်ကုသရေး လုပ်ငန်းများတွင် အသုံးပြုရန် အလှူငွေ(၅)သိန်းကို ပေးအပ်လှူဒါန်းရာ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းစီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီးအောင်ကျော်စိုးက လက်ခံရယူပြီးဥက္ကဋ္ဌ ဦးညီနပ်က ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့သည်။

အဆိုပါ‌ တွေ့ဆုံပွဲသို့ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တိုင်း/ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ၊ရှမ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

ခရိုင် ပြန်/ဆက်