သရက်ချောင်းမြို့နယ်၌ ပုံမှန်ဝင်ငွေမရှိသည့် အိမ်ထောင်စု တစ်သောင်းခြောက်ထောင်ကျော်အား ထောက်ပံ့ငွေများပေးအပ်

သရက်ချောင်း  ဩဂုတ်  ၁၇

တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစား အိမ်ထောင်စုဝင်များအား ဒုတိယ အကြိမ်ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (အစည်းအဝေး) ခန်းမ၌ ပြုလုပ်သည်။

အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းထွန်းက ရပ်ကွက်/ကျေးရွာအုပ်ချုပ်မှူးအနေဖြင့် နိုင်ငံတော်မှ ထောက်ပံ့သည့် ငွေများအား အခြေခံအိမ်ထောင်စုများ လက်ဝယ်အရောက် အမြန်ဆုံးစနစ်တကျပေးအပ်ကြရန် မှာကြားသည်။

ထို့နောက် နိုင်ငံတော်မှထောက်ပံ့သည့်ငွေများအား သရက်ချောင်းမြို့နယ် ကိုဗစ် - ၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ရပ်/ကျေး ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြသည်။

နိုင်ငံတော်မှ ဒုတိယအကြိမ်ထောက်ပံ့သည့် ထောက်ပံ့ငွေများအား မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ အုပ်စု(၄၄)အုပ်စုရှိ အခြေခံ လူတန်းစား အိမ်ထောင်စု (၁၆၃၀၂) စုအတွက် တစ်အိမ်ထောင်စုလျှင် နှစ်သောင်းကျပ်နှုန်းဖြင့် စုစုပေါင်း ကျပ်သိန်း(၃၂၆၀ဒသမ၄) ကျပ်ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

မျိုးချစ်ဦး(ပြန်/ဆက်)