ရန်ကုန် သြဂုတ် ၁၇
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ရပ်ကွက်များအလိုက် ရေစီးရေလာကောင်းမွန်စေရေးနှင့် သန့်ရှင်း သာယာလှပ စေရေးတို့အတွက် မြို့နယ်စည်ပင်သာယာရေးကော်မတီနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့မှ တာဝန်ရှိသူများက အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက် ၉ နာရီအချိန်က စံပြဖ.ဆ.ပ.လ ရပ်ကွက်အတွင်းတွင် အထူး သန့်ရှင်းရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် ပြည်သူများကျန်းမာရေးနှင့် ညီညွတ်စွာရှိစေရန်နှင့် မိုးတွင်းဘက်များတွင် ရေကြီးရေလျှံမှုများ လျော့နည်းသွား စေရန် ရည်ရွယ်၍ စံပြဖဆပလ ရပ်ကွက်အတွင်းရှိ ရေနှုတ်မြောင်း များ အတွင်းရှိ အမှိုက်နှင့် နုံးအနှစ်များ ဆယ်ယူခြင်း၊ ပတ်ဝန်းကျင်ရှိ အမှိုက်များနှင့် သစ်ကိုင်းများ ရှင်းလင်းခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ရာ ရပ်ကွက်အတွင်းရှိ ရေမြောင်းများ ရေစီးရေလာပြန်လည် ကောင်းမွန်ခဲ့ပြီး ပတ်ဝန်းကျင်သန့်ရှင်းသာယာမှုရှိခဲ့ကြောင်း သိရသည်။ အဆိုပါလုပ်ငန်း များအား မြို့နယ်စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ ဦးခင်လှိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ လမ်းတံတားနှင့် ရေစီးရေလာနှင့် ပတ်ဝန်းကျင်သန့်ရှင်းသာယာရေးမှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများက ဆောင်ရွက်ခဲ့ကြပြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းနှင့် အမှတ်(၁)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးတို့က ကွင်းဆင်းကြည့်ရှု၍ လိုအပ်ချက်များအပေါ် ပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ချစ်စုဝေ(ပြန်/ဆက်)