မြောင်းမြမြို့နယ်တွင် အခြေခံလူတန်းစား အိမ်ထောင်စု(၂၉၃၅၁)စုအတွက် တတိယအကြိမ်မြောက် ထောက်ပံ့ငွေ ပေးအပ်

မြောင်းမြ  သြဂုတ်  ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်အတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအတွက်  နိုင်ငံတော်အစိုးရက တတိယအကြိမ် ထောက်ပံ့ငွေ ပေးအပ်ခြင်းကို တာဝန်ရှိသူများက ရပ်ကျေးအုပ်ချုပ်ရေးမှူးရုံးများတွင် အခြေပြု၍ ယမန်နေ့က တစ်ပြိုင်နက်တည်း သွားရောက် ထောက်ပံ့ပေးအပ် ခဲ့ကြကြောင်း သိရသည်။

မြောင်းမြမြို့နယ်အတွင်း ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စု(၂၉၃၅၁)တို့အတွက် တစ်အိမ်ထောင်လျှင် ထောက်ပံ့ငွေကျပ် (၂၀၀၀၀)နှုန်းဖြင့် စုစုပေါင်းငွေကျပ် (၅၈၇,၀၂၀,၀၀၀)ကို မြို့ပေါ်(၁၆)ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၉၈)အုပ်စုတို့သို့ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဆွေ ဦးဆောင်၍ လူမှုဝန်ထမ်းဦးစီးဌာန၊ ဌာနဆိုင်ရာများနှင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ဝန်ထမ်းများက တိုက်နယ်အလိုက် ကျေးရွာများသို့ တစ်ပြိုင်နက် ကွင်းဆင်းပြီး  ထောက်ပံ့ပေးအပ် ခဲ့ကြောင်း သိရသည်။

မြောင်းမြ မြို့နယ်အနေဖြင့် ပထမအကြိမ် နိုင်ငံတော်မှ ထောက်ပံမှု အစီအစဉ်တွင် အချိန်တိုအတွင်း စာရင်းကောက်ယူ ရသည့် အခက်အခဲများကြောင့် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု (၂၇၇၂၇)စုကိုသာ ထောက်ပံ့ပေးနိုင်ခဲ့ပြီး၊ ယခုနိုင်ငံတော်မှ ဒုတိယအကြိမ်မြောက်နှင့် ယခုတတိယအကြိမ်  ထောက်ပံ့မှုမှတွင် ယခင်ကောက်ယူ ထားသော စာရင်းအရ အိမ်ထောင်(၂၇၇၂၇)စုအပြင် အကြောင်းအမျိုးမျိုးကြောင့် စာရင်းကျန်ရှိသဖြင့် ထပ်တိုးကောက်ယူရရှိသော အိမ်ထောင်(၁၆၀၀)စုနှင့် ပြည်ပပြန်များအနက်မှ အိမ်ထောင်(၂၄)စု၊ စုစုပေါင်း အိမ်ထောင် (၂၉၃၅၁)စုကို ထောက်ပံ့ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အောင်မင်း(မြောင်းမြ)