ဘိုကလေး ဩဂုတ် ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်မှ မြို့ပေါ်ရပ်ကွက်(၁၀)ခုနှင့် ကျေးရွာအုပ်စု(၇၆) အုပ်စုရှိ ပုံမှန်ဝင်ငွေမရှိသည့် အခြေခံအိမ်ထောင်စု (၃၅၇၀၁)စုအား တစ်အိမ်ထောင်စုလျှင် ငွေကျပ်(၂) သောင်းနှုန်းဖြင့် ဩဂုတ်(၁၅)ရက်နေ့မှ စတင်၍ သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအလိုက် ထောက်ပံ့ပေးလျက်ရှိသည်။
အဆိုပါ ထောက်ပံ့ငွေများအား မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှတစ်ဆင့် သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများထံသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေး အဖွဲ့ဝင်များမှ ပုံမှန်ဝင်ငွေမရှိသည့် အခြေခံ အိမ်ထောင်စုဝင်များ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးလျက်ရှိကြောင်း၊ နိုင်ငံတော်အစိုးရ အနေဖြင့် ဘိုကလေးမြို့နယ်ရှိ ပုံမှန်ဝင်ငွေမရှိသည့် အခြေခံအိမ်ထောင်စုများ အတွက် မဟာသင်္ကြန်ကာလအတွင်း အခြေခံ စားသောက်ကုန်(၅)မျိုး ထောက်ပံ့ပေးအပ်ခဲ့ပြီး အကြောင်းအမျိုးမျိုးကြောင့် ထောက်ပံ့ပေးအပ်ရန် ကျန်ရှိခဲ့သည့် အခြေခံအိမ်ထောင်စုများအတွက် ထောက်ပံ့ငွေ (၁၅၀၀၀) ပေးအပ်ခဲ့ကြောင်း၊ ဒုတိယအကြိမ်အဖြစ် ဇူလိုင်(၂၈)ရက်နေ့တွင် ငွေကျပ်(၂၀၀၀၀) ထပ်မံထောက်ပံ့ပေးအပ်ခဲ့ကြောင်း၊ ယခုထပ်မံထောက်ပံ့ပေးခြင်းသည် တတိယအကြိမ်မြောက် ထပ်မံထောက်ပံ့ခြင်း ဖြစ်ကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။
မိုးစက်(ဘိုကလေး)