ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ညွှန်ကြားချက်များ ပြည်သူများ ပိုမိုသိရှိနိုင်ရေး မြန်မာ၊ ကယား နှစ်ဘာသာဖြင့် အသိပေးနှိုးဆော်မှုများ ဆောင်ရွက်

လွိုင်ကော်  စက်တင်ဘာ   ၂၉ ရက်

လွိုင်ကော်မြို့အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ညွှန်ကြားချက်များကို ပြည်သူများ ပိုမိုသိရှိလိုက်နာနိုင်ရေး အသိပေးနှိုးဆော်မှုများအား ရပ်ကွက်များ၊ ကျေးရွာများနှင့် လူစည်ကားရာ နေရာများတွင် မြန်မာ၊ ကယား နှစ်ဘာသာဖြင့် အသံချဲ့စက်များ၊ လက်ကိုင်စကားပြော အသံချဲ့စက်ဖြင့် သတိပေး နှိုးဆော်မှု များကို လွိုင်ကော်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင် သာယာရေးအဖွဲ့တို့က နေ့စဉ်ပူးပေါင်း ဆောင်ရွက်လျက်ရှိရာ ယနေ့တွင်လည်း လွိုင်ကော်မြို့နယ်အတွင်း ဆက်လက်ဆောင်ရွက်သည်။ 

ထိုသို့ဆောင်ရွက်ရာတွင် လွိုင်‌ကော်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုများပြားလာသောကြောင့်  မိဘပြည်သူများအနေဖြင့် လက်ရှိ အခြေအနေ တွင် အတတ်နိုင်ဆုံး အိမ်တွင်း၌သာ နေထိုင်ကြရန်၊ မိမိအိမ်တွင် ပြင်ပမှလာသော ဧည့်သည်များအား လက်မခံပါရန်၊ မဖြစ်မနေ ပြင်ပသို့ သွားလာရပါက ပါးစပ်၊ နှာခေါင်းစည်းတို့ကို  စနစ်တကျတပ်ဆင်ရန်၊ Mask မတပ်သူများနှင့် တွေ့ဆုံခြင်း၊  စကားပြောခြင်း၊ ဈေးရောင်း ဝယ်ခြင်းများ ရှောင်ကြဉ်ရန်၊  လူစုလူဝေးပြုလုပ်ခြင်း၊ သွားလာခြင်းများကို ရှောင်ကြဉ်ကြရန်၊ တစ်စုံတစ်ရာ ကိုင်တွယ်ထိတွေ့ပြီးတိုင်း လက်ကိုဆပ်ပြာနှင့် အနည်းဆုံး စက္ကန့် (၂၀) ကြာအောင် စနစ်တကျဆေးကြောရန်၊ လက်ကိုဆေးကြောခြင်းမပြုဘဲပါးစပ်၊ နှာခေါင်းနှင့် မျက်စိတို့ကို ကိုင်တွယ်ခြင်းမပြုလုပ်ကြရန်၊ မိမိနေထိုင်ရာ အခန်းကို လေဝင်လေထွက် ကောင်းအောင် လုပ်ဆောင်ရန်၊ အပြင်မှပြန်လာပြီးတိုင်း ပါးစပ်နှာခေါင်းစည်းများကို စနစ်တကျ စွန့်ပြစ်ရန်၊ မိမိတို့၌ ရောဂါပိုး ကူးစက်ခံရနေသည်ဟု သံသယရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနများသို့ ဆက်သွယ်၍ မပျက်မကွက် စစ်ဆေးကုသမှု ခံယူရန်နှင့်  ကျန်းမာရေးနှင့် အားကစား ဝန်ကြီး ဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များ၊ ကိုဗစ်-၁၉ ရောဂါကာကွယ် ၊ ထိန်းချုပ်၊ ကုသရေး ဗဟိုကော်မတီမှ အသိပေးပန်ကြားချက်များကို မိဘပြည်သူများအနေဖြင့် တိကျစွာ လိုက်နာဆောင်ရွက်ကြရန်တို့ကို တိုက်တွန်းနှိုးဆော်ခဲ့သည်။

ကယားပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုအခြေအနေမှာ ဇွန်လ (၂၉) ရက်နေ့မှ စက်တင်ဘာလ (၂၃) ရက်နေ့အထိ ဓါတ်ခွဲအတည်ပြုလူနာ စုစုပေါင်းမှာ (၃၂၅၃)ဦးရှိပြီး ၊ ပြန်လည် ကျန်းမာလာသူ စုစုပေါင်း (၂၄၇၉) ဦးရှိကာ ပိုးတွေ့သေဆုံးသူစုစုပေါင်း(၁၂၂) ဦးရှိကြောင်း ကယားပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံမှသိရှိရသည်။