ကန့်ဘလူ ဩဂုတ် ၁၆
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့တွင် မူးယစ်ဆေးဖြတ်သူများအား အထောက်အကူပြုရန်နှင့် မူး ယစ်ဆေးသုံးစွဲမှု လျှော့ချနိုင်စေရန်ရည်ရွယ်ချက်ဖြင့် မက်သဒုန်းဆေးခန်းကို မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန ခုတင် ၁၀၀ ပြည်သူ့ဆေးရုံ၌ ဩဂုတ် ၁၇ ရက်နေ့တွင် စတင် ဖွင့်လှစ်၍ စီစဉ်ထား ကြောင်း သိရသည်။
မက်သဒုန်းဆေး ဆိုသည်မှာ ဘိန်းအမျိုးအစား မူးယစ်ဆေးစွဲသူ(ဥပမာ-ဘိန်း၊ဘိန်းဖြူ)တို့ စွဲလမ်းခြင်း၊ စွဲလမ်း တောင့်တနေမှု ကို လျော့ပါးစေတဲ့ ဆေးဝါးတစ်မျိုးဖြစ်ပါတယ်။ မူးယစ်ဆေးစွဲခြင်းကို ပျောက်ကင်းအောင် ကုသနိုင်တဲ့ ဆေး မဟုတ်ပါဘူး။ မက်သဒုန်းတစ်နေ့တစ်ကြိမ် သောက်ရုံဖြင့် ဆေးဖြတ်ခြင်းခံစားရတဲ့ ယင်းထခြင်း၊ မူးယသ်ဆေးကြောင့် ကုန်ကျရတဲ့ဆေးဖိုးလည်း မကုန်တော့ပါဘူး။ မက်သဒုန်းဆေး သောက်ပြီး မိမိတို့၏ လုပ်ငန်း တာဝန်များကို ပုံမှန်အတိုင်း ဆက်လက်လုပ် ကိုင်နိုင်ပါတယ်။ မက်သဒုန်းကို အခမဲ့တိုက်ကျွေးခြင်းဖြစ်ပါတယ် ” ဟု ခုတင် ၁၀၀ ဆေးရုံအုပ် ဒေါက်တာနေမိုးက ပြောသည်။
မက်သဒုန်းဆေးဝါးကို တိုက်ကျွေးရခြင်း၏ ရည်ရွယ်ချက်သည် မူးယစ်ဆေး(အကြောအတွင်း ထိုးသွင်း) သုံးစွဲသူများနှင့် ယင်းတို့နှင့်ဆက်စပ် ပတ်သက်နေသည့် လူ့အဖွဲ့အစည်းအတွင်းမှာ တရားမဝင်မူးယစ်ဆေးဝါးသုံးစွဲမှု လျော့နည်းလာ စေရေး၊ ရောဂါကူးစက်မှု လျော့နည်းလာစေရေး၊ ဆေးလွန်ပြီး သေဆုံးမှုနှင့်ရာဇဝတ်မှု ပြဿနာများ လျော့နည်း လာစေရေး၊ အန္တရာယ်အလွန်မြင့်မားသည့် ဆေးထိုးပြွန် မျှဝေသုံးစွဲမှုကြောင့် ဖြစ်ပေါ်လာသည့် HIV ကူးစက်ခံရမှုနှင့် အသည်းရောင်အသားဝါ ရောဂါကူးစက်ခံရမှုနှုန်းတို့ လျော့နည်းလာစေရေးတို့အတွက် ရည်ရွယ်ခြင်းဖြစ်ကြောင်း သိရသည်။
ဆေးသောက်သုံးသူတွေအနေဖြင့် ဆေးဖြတ်ပြီးစကာလကို အဆင်ပြေပြေ ကျော်လွှားသွားနိုင်ရန်နှင့် မူးယစ်ဆေးတစ်ဖန် ပြန်လည်သုံးစွဲမှု မပေါ်ပေါက်စေရန်အတွက် စာနာနားလည် ပြီး ထောက်ကူပေးနိုင်သော မိသားစုအလုပ်အကိုင်အတည် တကျရှိမှု၊ မူးယစ်ဆေးဝါးသုံးစွဲနေမှုကို ထွန်းလှန်လိုသည့် ပြင်းထန်သောဆန္ဒရှိဖို့ အလွန်အရေးကြီးကြောင်း သိရသည်။
အဆိုပါ မက်သဒုန်းဆေးဝါးတိုက်ကျွေးခြင်း အစီအစဉ်အနေဖြင့် မူးယစ်ဆေးဖြတ်သူများသည် မြို့နယ်ခုတင် ၁၀၀ ပြည်သူ့ဆေးရုံသို့ နေ့စဉ်လာရောက်သောက်သုံးရမည်ဖြစ်ကြောင်း သိရသည်။
အောင်ဝင်းငြိမ်း (ကန့်ဘလူ)