ဘောလခဲ သြဂုတ် ၁၆
ကယားပြည်နယ်၊ ဘောလခဲခရိုင် အထွေထွေရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏ ၂၀၂၀ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် ဘောလခဲခရိုင်အတွင်းရှိ မဲဆန္ဒနယ် အသီးသီး တွင် ဝင်ရောက်ယှဉ်ပြိုင် ရွေးကောက်တင်မြှောက်လိုသူများ၏ လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းလွှာများကို လွှတ်တော်ရွေးကောက်ပွဲ ဥပဒေ ပုဒ်မ(၂၄) အရစိစစ်ခြင်းကို ယနေ့နံနက်(၁၀)နာရီက ခရိုင်ရွေးကောက်ပွဲကော်မရှင်ရုံးအစည်းအဝေးခန်းမ၌ကျင်းပခဲ့သည်။
ပါတီကိုယ်စားလှယ်လောင်း စိစစ်ခြင်းသို့ ခရိုင်ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဒေါ်လှကြည်၊ ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ၊ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ခရိုင်ရွေးကောက်ပွဲကော်မရှင်အရာရှိ ဦးကျော်လင်းမှ ပါတီကိုယ်စားလှယ်လောင်း တစ်ဦးချင်းစီ၏ ကိုယ်ရေးအချက်အလက်များကို ပြသပြီး ကော်မရှင် အဖွဲ့ခွဲဝင်များနှင့် ပါတီ ကိုယ်စားလှယ်များမှ ကန့်ကွက်ရန် မရှိသည့်အတွက် အတည်ပြုခဲ့သည်။
အဆိုပါ ကိုယ်စားလှယ်လောင်းစိစစ်ခြင်းသို့ ပါတီအသီးသီးမှ ကိုယ်စားလှယ်များ တက်ရောက် လေ့လာခဲ့ကြပြီး ယနေ့တွင် ပါတီအသီးသီးမှ ကိုယ်စားလှယ်လောင်း (၁၇)ဦးအား စိစစ်နိုင်ခဲ့ပြီး ဘောလခဲခရိုင် ရွေးကောက်ပွဲကော်မရှင်ဖွဲ့ခွဲအနေဖြင့် ယနေ့ထိ စုစုပေါင်း ပါတီကိုယ်စားလှယ်ပေါင်း (၉၇) ဦးအား စိစစ်ခဲ့ပြီးဖြစ်ကြောင်း သိရှိရသည်။
ခရိုင်ပြန်/ဆက်