နတ်တလင်း သြဂုတ် ၁၆
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် နတ်တလင်းမြို့နယ် အထွေထွေရွေးကောက်ပွဲကော်မရှင်အဖွဲ့နှင့် ရပ်ကွက်ကျေးရွာ အုပ်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌများ အတွင်းရေးမှူးများ တွေ့ဆုံ၍ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းများညှိနှိုင်း ဆွေးနွေးခြင်းကို ယနေ့နံနက် ၁၀ နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် မြို့နယ်အထွေထွေရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်ထွဋ်က ရှေ့ဆက် ဆောင်ရွက် လုပ်ကိုင်ရမည့် လုပ်ငန်းများနှင့် ပတ်သက်၍ အရေးကြီးလာပြီဖြစ်၍ တိတိကျကျ မှန်မှန်ကန်ကန်ဖြင့် ဆောင်ရွက်လုပ်ကိုင်ရမည်ဖြစ်ပြီး စုပေါင်းတိုင်ပင်ဆွေးနွေး လုပ်ကိုင်ကြရန် ပြောကြားသည်။ ဆက်လက်၍ မြို့နယ်အထွေထွေ ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဦးသန်းထွဋ်အောင် က ယနေ့တွေ့ဆုံဆွေးနွေးပွဲတွင် ထုတ်ဝေပေးလိုက်သော ရွေးကောက်ပွဲဆိုင်ရာ ဥပဒေစာအုပ်များကို ကော်မရှင်အဖွဲ့ဝင် အားလုံးဖတ်ရှု မှတ်သား၍ လိုက်နာဆောင်ရွက်ကြပါရန် မှာကြားသည်။
ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ထုတ်ဝေသော ရွေးကောက်ပွဲဆိုင်ရာ စာအုပ်များကို ရပ်ကွက်ကျေးရွာ ကော်မရှင်များ ထံသို့ ပေးအပ်သည်။ နတ်တလင်းမြို့တွင် ရပ်ကွက် ကျေးရွာအုပ်စု (၈၄) အုပ်စုရှိ၍ သြဂုတ် ၁၄ ရက်နေ့က ရပ်ကွက်ကျေးရွာအုပ်စု (၃၇) အုပ်စုနှင့် တွေ့ဆုံဆွေးနွေးပြီး ယနေ့ကျန်ရှိနေသော ရပ်ကွက်ကျေးရွာ အုပ်စု (၄၇) အုပ်စုနှင့် ထပ်မံတွေ့ဆုံညှိနှိုင်း ဆွေးနွေးခြင်း ဖြစ်ကြောင်း သိရသည်။
ဝင်းမြင့် (နတ်တလင်း)