ဇီးကုန်းမြို့နယ် လူငယ်ရေးရာကော်မတီမှ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကျောင်းများသို့ နှာခေါင်းစည်း၊ လက်အိတ်နှင့် လက်ဆေးရည်များ လှူဒါန်း

ဇီးကုန်း ဩဂုတ်  ၁၆

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ဇီးကုန်းမြို့နယ် လူငယ်ရေးရာကော်မတီမှ စာသင်ကျောင်းများတွင် ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ရေး အတွက် အသုံးပြုရန်  နှာခေါင်းစည်း၊ လက်အိတ်၊ လက်ဆေး ဆပ်ပြာအဆီနှင့် လက်ဆေးရည်များ ယနေ့နံနက်က လိုက်လံ လှူဒါန်းခဲ့ကြောင်း သိရသည်။

ဇီးကုန်းမြို့နယ် လူငယ်ရေးရာကော်မတီမှ အတွင်းရေးမှူး ဒေါ်သန္တာအေးသည် အဖွဲ့ဝင်များနှင့်အတူ အထက (ဇီးကုန်း)သို့ နှာခေါင်းစည်း -၄ဘူး၊ လက်အိတ်-၁ ဘူး၊ လက်ဆေးရည်- ၃ဘူး၊ လက်ဆေး ဆပ်ပြာ အဆီ-၁၂ ဘူးကိုလည်းကောင်း၊ မြို့မ အထကကျောင်းသို့ နှာခေါင်း စည်း -၄ဘူး၊ လက်အိတ်-၁ ဘူး၊ လက်ဆေးရည်- ၂ဘူး၊ လက်ဆေးဆပ်ပြာအဆီ-၁၂ဘူးကို ပေးအပ်လှူဒါန်းခဲ့ရာ မြို့နယ် ပညာရေးမှူး ဒေါ်ခင်သင်းရီ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူးဦးဌေးလင်းနှင့် သက်ဆိုင်ရာ ကျောင်းအုပ်ဆရာမကြီးတို့က လက်ခံရယူခဲ့ကြသည်။

ထို့အပြင် ကျောင်းဝန်းအတွင်း၌ “ပါးစပ်နှင့် နှာခေါင်းစည်းစနစ်တကျတပ်ဆင်ခြင်း” အသိပညာပေး ဗွီနိုင်းပိုစတာများချိတ်ဆွဲ၍ ကျောင်းသား ကျောင်းသူများအား နည်းစနစ်မှန်ကန်စွာ နှာခေါင်းစည်း တပ်ဆင်ခြင်း အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

တင့်ဆွေ(ပြန်/ဆက်)