ကျွန်းလှမြို့နယ်တွင် မိုးစပါးမျိုးစေ့ထုတ် စိုက်ခင်းများ ပထမအကြိမ် မျိုးကွဲပယ်ခြင်းပြုလုပ်

ကျွန်းလှ စက်တင်ဘာ  ၂၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြိုနယ် မြို့မနည်းပညာ ပြန့်ပွားရေးစင်တာနယ်မြေ တွင် စိုက်ပျိုးထားသော မိုးစပါး ဧရာမင်း မျိုးစေ့ထုတ် စိုက်ခင်းများအား ပထမအကြိမ် မျိုးကွဲပယ်ခြင်းကို ယနေ့ နံနက်ပိုင်းက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများနှင့် တောင်သူ များ ပူးပေါင်းဆောင်ရွက် ကြကြောင်း သိရသည်။

မိုးစပါး မျိုးစေ့ထုတ် စိုက်ခင်းများတွင် စပါးရိုင်းပင်များ၊ အခြားမျိုးကွဲများ၊ လက်မခံနိုင်သော ပေါင်းပင် များ၊ ရောဂါကျရောက်နေသော အပင်များအား နုတ်ပယ်ရမည်ဖြစ်ကြောင်း၊ ယခုလိုမျိုးကွဲများ၊ ပေါင်းများ နုတ်ပယ်ခြင်းဖြင့် အထွက်နှုန်းကောင်းပြီး မျိုးကောင်း မျိုးသန့်ရရှိ ကြောင်း၊ မျိုးစပါး ရောင်ချခြင်းဖြင့် တောင်သူများ အကျိုးအမြတ် ပိုမိုရရှိမည်‌ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဒေါ်မြင့်မြင့်ရီက ရှင်းလင်းပြောကြားသည်။

ကျွန်းလှမြို့နယ်အနေဖြင့် ယခုနှစ် မိုးစပါး ၃၄၈၉၉ ဧက လျာထားချက် ကျော်လွန်အောင် စိုက်ပျိုးနိုင်ပြီး မိုးစပါးစံပြကွက်များ၊ မျိုးစေ့ထုတ် ကွက်များ၊ တင်း ၁၀၀ ထွက်ရှိရေး စံပြကွက်များ၊ စပါးအစွမ်းဖွင့် စိုက်နည်းစနစ် (SRI) များအောင်မြင်ဖြစ်ထွန်းနေကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။

မျိုးဝင်းညို ကျွန်းလှ