ဇလွန် စက်တင်ဘာ ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ကျင်းပပြုလုပ်သော မိုးစပါးရာသီသွင်းအားစု (ဓာတ်မြေသြဇာ) စုပေါင်းကြဲပက်ပွဲကို ပက်တန်းကျေးရွာအုပ်စု တောင်သူ ဦးစိုး၏ လယ်မြေတွင် ယနေ့ နံနက် ၉ နာရီအချိန်ခန့်တွင် ပြုလုပ်ခဲ့သည်။
တောင်သူများ တစ်ဧကအထွက်နှုန်း တိုးတက်မြင့်မားစေရေးအတွက် သဘာဝမြေသြဇာနှင့် ဓာတ်မြေသြဇာကို အချိန်ကိုက် အချိုးကျ ကျွေးတတ်စေရန်၊ မျိုးစေ့ထုတ်တောင်သူများ မျိုးစေ့အရည်အသွေးမြင့်မားရေး၊ ပိုးမွှားကာကွယ်နှိမ်နှင်းရေး၊ မျိုးကွဲနှုတ်ပယ်ခြင်း စသည့် ပညာပေးလုပ်ငန်းများကို စိုက်ပျိုးရေးဦးစီးဌာနမှ လက်တွေ့ကွင်းဆင်း ပညာပေးဆောင်ရွက်ခဲ့ပြီး စပါးခင်းအတွင်း တောင်သူများက မိုးစပါး ရာသီသွင်းအားစု (ဓာတ်မြေသြဇာ) စုပေါင်းကြဲပက်ခြင်းဆောင်ရွက်နေမှုကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းလင်း၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး ဝင်းလွင်ဦး၊ မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး ဝင်းလွင်နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြသည်။
ဇလွန်မြို့နယ်တွင် ၂၀၂၁ ခုနှစ် မိုးစပါးရာသီတွင် မိုးစပါးစိုက်ဧက (၇၂၃၇၂) ဧက စိုက်ပျိုးထားရှိပြီး (RS - CS) မျိုးစေ့ထုတ်စိုက်ဧက (၂၂၈)ဧက စိုက်ပျိုးထားရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးနိုင်ကျော်စိုး၏ ပြောကြားချက်အရ သိရသည်။
ဝေယံ- ဇလွန် (ပြန်/ဆက်)