စေတုတ္တရာမြို့နယ်တွင် အသက်(၁၈)နှစ်ပြည့်သူတိုင်း မဲပေးပိုင်ခွင့်မဆုံးရှုံးစေရေး နိုင်ငံသားစိစစ်ရေးကတ်များ ဆောင်ရွက်ပေး

စေတုတ္တရာ      ဩဂုတ်       ၁၆

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံးမှ နိုဝင်ဘာ(၈)ရက်နေ့တွင် ကျင်းပမည့် ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် အသက်(၁၈) နှစ်ပြည့်သူတိုင်း မဲပေးပိုင်ခွင့် မဆုံးရှုံးစေရေး နိုင်ငံသားစိစစ်ရေးကတ်များအား ယနေ့နံနက်ပိုင်းက အမှတ်(၁) ရပ်ကွက်ရှိ ပြည်သူများအား မြို့နယ် အလုပ်သမားလူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးမှူးရုံး၌  ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ နိုင်ငံသားစိစစ်ရေးကတ်များ ဆောင်ရွက်ပေးရာတွင်  နိုင်ငံသားတိုင်း မဲပေးပိုင်ခွင့် မဆုံးရှုံးစေရန် စေတုတ္တရာမြို့နယ် အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးထင်အောင်နှင့်ဝန်ထမ်းများသည် အမှတ်(၁)ရပ်ကွက်ရှိ ဒေသခံပြည်သူများအား   မြန်မာနိုင်ငံသားဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ မဲဆန္ဒရှင်စာရင်းများမှ နိုင်ငံသားစိစစ်ရေးကတ် မရှိသူများအား နိုင်ငံသားစိစစ်ရေးကတ်အသစ်များ နေ့ချင်းပြီး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 စေတုတ္တရာမြို့နယ် အလုပ်သမားလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံး အနေဖြင့် မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများတွင် အသက်(၁၈)နှစ်ပြည့်ပြီး နိုင်ငံသားစိစစ်ရေးကတ် မရှိသူများအား ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲတွင် မဲပေးပိုင်ခွင့်မဆုံးရှုံး စေရေးအတွက် နိုင်ငံသားစိစစ်ရေးကတ်များကို ကွင်းဆင်းဆောင်ရွက် ပေးလျက်ရှိရာ ကျန်ရှိနေသေးသော ကျေးရွာများသို့လည်း ဆက်လက်ကွင်းဆင်း ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း မြို့နယ်အလုပ်သမား လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးထင်အောင်ထံမှ သိရသည်။

စည်သူလွင်(ပြန်/ဆက်)