မော်လိုက် စက်တင်ဘာ ၂၅
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၌ ကိုဗစ်-၁၉ ရောဂါကုသရေး လုပ်ငန်းများနှင့် အခြား ကျန်းမာရေး စောင့်ရှောက်မှုများတွင် အသုံးပြုနိုင်ရန် ခရိုင်/မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ ဦးဆောင်မှုဖြင့် ဆုံနေကြကုမ္ပဏီမှ မတည်ကာ ရပ်ဝေး/နီးမှ အလှူရှင်များ စုပေါင်းလှူဒါန်းသည့် အောက်ဆီဂျင် ထုတ်လုပ်သည့် စက်မှ အောက်ဆီဂျင်များကို စက်တင်ဘာ ၁၆ ရက်နေ့မှ စတင်၍ ထုတ်လုပ်ဖြန့်ဝေ ပေးလျက်ရှိကြောင်း သိရသည်။
မော်လိုက်မြို့အောက်ဆီဂျင်စက်ရုံမှ ထွက်ရှိသည့် အောက်ဆီဂျင်များအား မော်လိုက်ခရိုင် ပြည်သူ့ဆေးရုံ၌ ကိုဗစ်-၁၉ ရောဂါ ကုသရေးလုပ်ငန်းများနှင့် အခြားကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများတွင် အသုံးပြုနိုင်ရန် အောက်ဆီဂျင်များကို အခမဲ့ ထုတ်လုပ်ပေးနေပြီး၊ စက်ပြင်ဆင် ထိန်းသိမ်းစရိတ်နှင့် အထွေထွေအသုံးစရိတ်အတွက် အခြားမြို့နယ်များနှင့် တိုက်နယ်ဆေးရုံများမှ လာရောက်ဖြည့်တင်းသော အောက်ဆီဂျင်အိုးများအတွက် (၄၀)လီတာ ဆံ့အိုး တစ်အိုးလျှင်(၁၀၀၀၀)ကျပ်နှုန်း ကောက်ခံလျက်ရှိကြောင်း၊ ယခုအခါ အောက်ဆီဂျင် လာရောက်ထုတ်ယူမှုအနေဖြင့် ဖောင်းပြင်မြို့နယ်၊ သငါကျေးရွာ၊ ကလေးဝမြို့နယ်နှင့် ကင်းတပ်တိုက်နယ်ဆေးရုံတို့မှ လာရောက် ထုတ်ယူလျက်ရှိရာ ယနေ့အထိ အောက်ဆီဂျင်အိုး (၁၃၁)လုံးကို ထုတ်လုပ်ဖြန့်ဝေပေး နိုင်ပြီဖြစ်ကြောင်း၊ အောက်ဆီဂျင် ထုတ်လုပ်ပေးနိုင်မှု အနေဖြင့် တစ်နာရီလျှင် (၄၀)လီတာဆံ့ အိုး(၅)လုံးကို ထုတ်လုပ်ပေးနေကြောင်း၊ အောက်ဆီဂျင် သန့်စင်မှုအနေဖြင့် (၉၆)ရာခိုင်နှုန်းရှိကြောင်း၊ အောက်ဆီဂျင် ထုတ်လုပ်သည့် စက်နှင့် အောက်ဆီဂျင်အိုးများ ထားရှိနိုင်ရန် အလျား(၃၉)ပေ၊ အနံ(၂၆)ပေရှိ Steel Structute အမျိုးအစားဖြစ်သည့် အောက်ဆီဂျင်စက်ရုံကိုလည်း တည်ဆောက်လျက်ရှိရာ အမြန်ပြီးစီးရေး ဆောင်ရွက်လျက်ရှိပါကြောင်း မော်လိုက်မြို့ အောက်ဆီဂျင်စက်ရုံဖြစ် မြောက်ရေးကော်မတီဝင် တစ်ဦးက ပြောပြသည်။
ထိုကဲ့သို့ မော်လိုက်မြို့အောက်ဆီဂျင်စက်ရုံမှ အောက်ဆီဂျင်များအား ထုတ်လုပ်ပေးနိုင်ပြီ ဖြစ်ရာ ကိုဗစ်-၁၉ ရောဂါကုသရေးများနှင့် အခြားကျန်းမာရေး စောင့်ရှောက်မှုများတွင် အောက်ဆီဂျင်များအား လုံလောက်စွာ အသုံးပြုနိုင်တော့မည်ဖြစ်ပြီး၊ အခြားမြို့နယ်များသို့ သွားရောက်ဖြည့်တင်းစရာ မလိုတော့ဘဲ မိမိတို့မြို့၌ပင် အလွယ်တကူဖြင့် အောက်ဆီဂျင်များ ကို အမြန်ဆုံးဖြည့်တင်းကာ အသုံးပြုနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ အောက်ဆီဂျင်ထုတ်လုပ်သည့်စက်ကို ဆုံနေကြကုမ္ပဏီမှ ကျပ်သိန်း(၁၀၀) မတည်ကာ ခရိုင်/မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများမှ သံဃာတော် များနှင့် ပြည်သူများ၊ ရပ်ဝေး၊ရပ်နီးမှ စေတနာရှင် အလှူရှင်များ၏ စုပေါင်းလှူဒါန်းငွေ သိန်းပေါင်း (၁၀၄၅)သိန်း တန်ဘိုးရှိ အောက်ဆီဂျင် ထုတ်လုပ်သည့်စက်ကို ဝယ်ယူခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
မော်လိုက်သားလေး