ပွင့်ဖြူ စက်တင်ဘာ ၂၅
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးသူများကို ယမန်နေ့ နံနက် ၉ နာရီက ဆေးထိုးစုရပ်(၄)နေရာခွဲ၍ ဦးစားပေးအုပ်စုအလိုက် ကာကွယ်ဆေး ဆက်လက်ထိုးနှံ ပေးလျက်ရှိရာ သတ်မှတ်ဆေး ထိုးစုရပ်များအလိုက် ဒေသခံပြည်သူများက အေးချမ်းစွာ ကာကွယ်ဆေး လာရောက်ထိုးနှံလျက်ရှိကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးမှ သိရသည်။
“ကျွန်တော်တို့မြို့နယ်မှာ ကာကွယ်ဆေးမထိုးနှံရသေးတဲ့ ဒေသခံပြည်သူများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုနဲ့ ဆေးထိုးစုရပ်(၄)နေရာခွဲပြီးတော့ ဦးစားပေးအုပ်စုအလိုက် ကာကွယ်ဆေး စနစ်တကျ ထိုးနှံပေး လျက်ရှိပါတယ်။ ဆေးထိုးစုရပ်(၄)နေရာကတော့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဗိုလ်ဥတ္တမခန်းမ၊ လယ်ကိုင်းကျေးရွာ (အ.ထ.က) ကျောင်း၊ ကုန်းဇောင်းကျေးရွာ(အ.ထ.က)ကျောင်း၊ မဲဇလီကျေးရွာ(အ.ထ.က) ကျောင်းတို့ ဖြစ်ပါတယ်။ ကာကွယ်ဆေး ထိုးနှံပေးခြင်းကိုတော့ နံနက် ၉ နာရီကနေ ညနေ ၄ နာရီအထိ ထိုးနှံပေးတာဖြစ်ပြီး လူဦးရေ ၆၀၀၀ လျာထား ထိုးနှံပေးသွားမှာ ဖြစ်ပါတယ်။ ဆေးထိုးစုရပ်အသီးသီးမှာလည်း ကာကွယ်ဆေး လာရောက်ထိုးနှံတဲ့သူတွေ စိတ်အေးချမ်းသာစွာ ထိုးနှံနိုင်ရေးအတွက် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနဲ့ စေတနာ့ဝန်ထမ်း(Volunteer) အဖွဲ့ဝင်များက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြပါတယ်။ ယခုတစ်ကြိမ် ကာကွယ်ဆေး လာရောက်ထိုးနှံသူ ဦးရေ (၁၈၈၀)ဦး ရှိသွားပြီဖြစ်ပါတယ်။ ဆက်လက်ပြီးတော့လည်း ကျန်ရှိတဲ့ ဒေသခံပြည်သူများကို ထိုးနှံပေးသွားမှာဖြစ်ပါတယ်” ဟု ပွင့်ဖြူမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါက်တာမိုးသစ်ထွန်းက ပြောသည်။
ပွင့်ဖြူမြို့နယ်အတွင်းရှိ ကာကွယ်ဆေး မထိုးနှံရသေးသူများအား ကာကွယ်ဆေး ထိုးနှံနိုင်ရေးအတွက် ဆေးပုလင်း အလုံးရေ ၁၂၀၀ ရရှိပြီး ဆေးပုလင်းတစ်လုံးလျှင် လူ(၅)ဦးနှုန်းဖြင့် ထိုးနှံပေးခြင်းဖြစ်ကြောင်း သိရသည်။ ယနေ့ နံနက်ပိုင်းက မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးအောင်မြတ်ခိုင်နှင့် တာဝန်ရှိသူများက ဆေးထိုးစုရပ်များသို့ ကာကွယ်ဆေး လာရောက်ထိုးနှံကြသည့် ပြည်သူများအား ကြည့်ရှုအားပေးကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)