ဘူးသီးတောင်မြို့နယ်တွင် အသက် (၁၈)နှစ်အထက် ပြည်သူများအား လူမျိုးဘာသာမရွေး ပထမအကြိမ် (ဒုတိယအသုတ်) ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံ

ဘူးသီးတောင် စက်တင်ဘာ ၂၅

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့၌ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ ကြီးကြပ်မှုဖြင့် မြို့နယ်ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများက ယမန်နေ့ နံနက် (၉)နာရီ အချိန်က ဘူးသီးတောင်မြို့ အလက (၃)စာသင်ကျောင်း၌ စုရပ်ထားရှိကာ အသက်(၁၈)နှစ်အထက် ပြည်သူ (၈၀၀)ဉီးတို့အား ပထမအကြိမ် (ဒုတိယအသုတ်) ကိုဗစ်-၁၉ ကာကွယ် ဆေးများထိုးနှံပေး လျက်ရှိကြောင်းသိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးရန် လာရောက်သည့် ပြည်သူများအား စာရင်းပြုစုခြင်း၊ သွေးပေါင်ချိန် တိုင်းတာခြင်းတို့ ပြုလုပ်ကာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ကာကွယ်ဆေးထိုးနှံနေမှုများကို ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနဝန်ထမ်းများ၊ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက် များနှင့် အညီ စနစ်တကျ ကူညီဆောင်ရွက်ပေးလျက်ရှိ ကြောင်း သိရသည်။

ဘူးသီးတောင်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို လူမျိုးဘာသာမရွေး ထိုးနှံပေးလျက် ရှိရာ အသက် (၁၈)နှစ်အထက် ပြည်သူများအား ပထမအကြိမ်(ဒုတိယအသုတ်) အနေဖြင့်  စက်တင် ဘာလ (၂၃)ရက်နေ့ထိ ပြည်သူ (၄၇၃၅) ဦးကို ထိုးနှံပေးခဲ့ကြောင်း သိရသည်။

လှကျော်(ပြန်/ဆက်)