စစ်တွေ စက်တင်ဘာ ၂၅
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်းသည် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ် အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက ရသေ့တောင်မြို့နယ် အောက်ဆီဂျင်စက်ရုံဖွင့်ပွဲသို့ တက်ရောက်ပြီး မြို့နယ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက်ကြသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ရသေ့တောင်မြို့နယ်၊ ဆေးရုံဝင်းအတွင်းရှိ အောက်ဆီဂျင်စက်ရုံဖွင့်ပွဲသို့ တက်ရောက် ကြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူး၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ ပြည်နယ်သယံဇာတ ရေးရာဝန်ကြီးနှင့် အောက်ဆီဂျင်စက်ရုံဖြစ်မြောက်ရေး ကော်မတီဥက္ကဋ္ဌ၊ ဦးဦးသန်းနိုင်တို့က စက်ရုံအားဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် ပြည်နယ်ဝန်ကြီးများက အောက်ဆီဂျင်စက်ရုံ ဆိုင်းဘုတ်အား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကြပြီး စက်ရုံအတွင်း အောက်ဆီဂျင် ထုတ်လုပ်နေမှုအား လှည့်လည်ကြည့်ရှုကြသည်။ ဆက်လက်၍ ပြည်နယ် ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ရသေ့တောင်မြို့နယ်၊ ကုသရေးဦးစီးဌာန၊ ဝန်ထမ်း နေအိမ် RCC(၄) ခန်းတွဲနှစ်ထပ်ဆောက်လုပ်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ရသေ့တောင်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေး ခန်းမ၌ ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ မြို့နယ်ကျန်းမာရေးဝန်ထမ်းများအား ဂုဏ်ပြုငွေနှင့် ဂုဏ်ပြုမှတ်တမ်း ချီးမြှင့် ထောက်ပံ့ခြင်း၊ အောက်ဆီဂျင်စက်ရုံအတွက် အလှူငွေပေးအပ်ခြင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားသို့ တက်ရောက်ကြသည်။ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာ စကား ပြောကြားပြီး အောက်ဆီဂျင်စက်ရုံ ဖြစ်မြောက်ရေးကော်မတီဥက္ကဋ္ဌက စက်ရုံဖြစ်ပေါ်လာပုံနှင့် ဒေသဖွံ့ဖြိုးရေး လိုအပ်ချက်များကို ရှင်းလင်းတင်ပြ သည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က မြို့နယ်ကျန်းမာရေးဝန်ထမ်းများ အတွက် ဂုဏ်ပြုငွေကျပ် သိန်း(၂၀)နှင့် ဂုဏ်ပြုမှတ်တမ်းအားလည်းကောင်း၊ အောက်ဆီဂျင်စက်ရုံအတွက် အလှူငွေ ကျပ်သိန်း(၁၀၀)အား လည်းကောင်း ထောက်ပံ့ပေးအပ်ရာ မြို့နယ်ဆရာဝန်ကြီးနှင့် အောက်ဆီဂျင်စက်ရုံဖြစ်မြောက်ရေး ကော်မတီမှ တာဝန်ရှိသူများက လက်ခံရယူကြသည်။ ဆက်လက်၍ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးသန်းထွန်းက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးပစ္စည်းများအား ထောက်ပံ့ပေးအပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက လက်ခံ ရယူသည်။ ယင်းနောက် အောက်ဆီဂျင်စက်ရုံ ဖြစ်မြောက်ရေးကော်မတီ ဘဏ္ဍာရေးမှူး၊ ဦးဦးသာဇံက ကျေးဇူးတင် စကား ပြန်လည်ပြောကြားပြီး ဒေသဖွံ့ဖြိုးရေးလိုအပ်ချက်များကို ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများနှင့် ပြည်နယ် ဥပဒေချုပ်တို့က ပြန်လည်ဆွေးနွေးပြောကြားကြပြီး လိုအပ်သည်များကို တာဝန်ရှိ သူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ရသေ့တောင်မြို့၊ တောင်ရင်းတန်းရပ်ကွက်ရှိ ဘုရားကြီးလမ်း ကွန်ကရစ် ခင်းခြင်းလုပ်ငန်း ပြီးစီးနေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးကြသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်အဖွဲ့သည် ရသေ့တောင် မြို့နယ် သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ စေတီယင်္ဂဏကျောင်းတိုက် ဆရာတော်ဘဒ္ဒန္တပညာသာမိအား သွားရောက်ဖူးမြော် ကာ လှူဖွယ် ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး စေတီတောင်ဘုရားကြီးဓမ္မာရုံ၌ ရသေ့တောင် မြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်စခန်းများမှ အသက်(၅၅)နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်ရောဂါကာကွယ်ဆေး ထိုးနှံနေမှုကို လှည့်လည်ကြည့်ရှုအားပေးကာ စေတီတောင်ဘုရားကြီး ဘက်စုံပြုပြင်နိုင်ရန်အတွက် အလှူငွေများ ထည့်ဝင်လှူဒါန်းခဲ့ကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ရသေ့တောင်မြို့နယ် ကမ်းနားလမ်းနှင့် တစ်ဆက်တစ်စပ်တည်း မြို့ပတ်လမ်း တိုးချဲ့ဆောင်ရွက်မည့်နေရာနှင့် လှိုင်းကာနံရံတည်ဆောက်ရမည့် နေရာများကို သွားရောက်ကြည့်ရှု စစ်ဆေးရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသခဲ့ကြကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)