ပြည်သူ-ကျေးလက်-ယူနီဆက် ပူးပေါင်း၍ ရေမီတာသုံးအိမ်တိုင်ရာရောက် ရေပေးရေး ဆောင်ရွက်နိုင်ရန်ကွင်းဆင်း

စစ်တွေ စက်တင်ဘာ ၂၅

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ ချောင်းနွယ်အုပ်စု၊ ကံပြင်ရွာ‌‌ဟောင်းကျေးရွာတွင် မြေသားမိုးရေလှောင်ကန်မှ ကျေးရွာရှိနေအိမ်များ သို့ ရေမီတာသုံးရေပေးဝေရေးလုပ်ငန်းအား ပြည်သူ-ကျေးလက်-ယူနီဆက် ပူးပေါင်း ဆောင်ရွက်နိုင်ရေး စစ်တွေခရိုင်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးစောဝေ၊ စစ်တွေ မြို့နယ်ဦးစီးမှူး၊ ဦးသန်းစိုးဦးနှင့် တာဝန်ခံ ဝန်ထမ်းများ၊ ယူနီဆက်မှ တာဝန်ရှိသူများသည် ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုကာ ကျေးရွာသူ၊ ကျေးရွာသားများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ခရိုင်ဦးစီးမှူးနှင့် အဖွဲ့သည် ကံပြင်ရွာဟောင်းကျေးရွာတွင် လက်ရှိသောက်သုံးရေ သုံးစွဲနေမှုအခြေအနေ၊ ကျေးရွာ လူထု၏ လူမှုစီးပွားရေးအခြေအနေများ၊ ကျေးရွာရှိရပ်မိရပ်ဖများ၊ ကျေးရွာသူ၊ ကျေးရွာသားများနှင့် တွေ့ဆုံ မေးမြန်းပြီး ရေမီတာသုံး အိမ်တိုင်ရာရောက် ရေပေးရေးလုပ်ငန်း ဆောင်ရွက်နိုင်ရန် ကျေးရွာမှ တာဝန်ခံ၊ တာဝန်ယူ ဆောင်ရွက်ရမည့် လုပ်ငန်းများ၊ ယူနီဆက်မှ တာဝန်ယူပံ့ပိုးပေးမည့် ကိစ္စရပ်များနှင့် ကျေးလက်ဦးစီးဌာနမှ နည်းပညာပိုင်းနှင့် ပြည်သူနှင့် ယူနီဆက်ကြားတွင် ချိတ်ဆက်ဆောင်ရွက်ပေးမည့် လုပ်ငန်းစဉ်များအား ရှင်းလင်း ဆွေးနွေးကြသည်။ 

ကံပြင်ရွာဟောင်းကျေးရွာသည် အိမ်ခြေ(၈၀)၊ အိမ်ထောင်စု (၁၁၀)နှင့် လူဦးရေ (၄၄၈) ဦးရှိပြီး  ကျေးရွာရှိ မြေသားမိုးရေလှောင်ကန် (၁၀၀ ပေ၊ ၁၀၀ ပေ၊ ၇ ပေ) သုံးကန်မှ ရေကိုရယူသုံးစွဲလျက်ရှိရာ နွေရာသီထိ သောက်သုံး ရေ လုံလောက်မှုရှိသော ကျေးရွာတစ်ရွာဖြစ်သည်။ ပြည်သူ-ကျေးလက်-ယူနီဆက် ပူးပေါင်းဆောင်ရွက်မည့် ရေမီတာသုံးအိမ်တိုင် ရာရောက် ရေပေးဝေရေး လုပ်ငန်းဆောင်ရွက်ရန် ကျေးရွာလူထုမှ သဘောတူညီပါက လိုအပ် သော PVC ရေပိုက်ဆိုဒ်မျိုးစုံနှင့် ရေတင်ပင့် နှစ်စုံအားယူနီဆက်မှ ထောက်ပံ့ဆောင်ရွက်ပေးမည်ဖြစ်ပြီး၊ ကျေးရွာမှ ရေပိုက်များအား ကျေးရွာသို့ သယ်ယူပြီး ရေပိုက်သွယ်တန်းခြင်းလုပ်ငန်းနှင့် ရေစင်တည်ဆောင်ခြင်း၊ ရေမီတာ တပ်ဆင်ခြင်းများကို ဆောင်ရွက်ရမည်ဖြစ်ရာ ကျေးလက် ဦးစီးဌာနမှရေစင်နှင့် ပိုက်လိုင်းဒီဇိုင်းရေးဆွဲခြင်း၊ လိုအပ်သော နည်းပညာပိုင်းများ ပူးပေါင်းဆောင်ရွက်ခြင်း၊ ကျေးလက်ရေ ကော်မတီအား သင်တန်းပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရသည်။

တင်ထွန်း(ပြန်/ဆက်)