ပုဏ္ဏားကျွန်းမြို့၌ ဆန်စက်လုပ်ငန်းရှင်များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးပထမအကြိမ် ထိုးနှံပေးလျက်ရှိ

ပုဏ္ဏားကျွန်း  စက်တင်ဘာ ၂၅

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းနယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များကြီးကြပ်မှုဖြင့် မြို့နယ်အတွင်းရှိ ဆန်စက်လုပ်ငန်းရှင် များနှင့်ဦးစားပေးအဆင့်တွင်ပါဝင်သည့် ပြည်သူများအား တရုပ်နိုင်ငံထုတ် Sinopharm အမှတ်တံဆိပ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံခြင်းကို ယမန်နေ့ နံနက်ပိုင်းက ပုဏ္ဏားကျွန်းမြို့ လောကမာရဇိန်ဘုရားကြီးသိမ်တော်၌ ထိုးနှံပေးလျက်ရှိသည်။

အဆိုပါကာကွယ်ဆေးထိုးနှံရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇော်သိန်းနှင့်အဖွဲ့ဝင်များကြီးကြပ်၍ ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ မြန်မာနိုင်ငံကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ Volunteer စေတနာ့ ဝန်ထမ်းများက ကာကွယ်ဆေးလာရောက်ထိုးနှံသူများအား ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာခြင်း၊ အောက်ဆီဂျင်ပမာဏစစ်ဆေးခြင်းများ ဆောင်ရွက်ပေးပြီးမှ စနစ်တကျ ထိုးနှံပေးခဲ့သည်။

ပုဏ္ဏားကျွန်းမြို့နယ်အတွင်း ဦးစားပေးအဆင့်တွင်ပါဝင်သည့် ဒေသခံပြည်သူများ ပထမအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပြီးစီးသူ(၄၀၁၆)ဦးရှိပြီး၊ ဆန်စက်လုပ်ငန်းရှင်(၂၅၀)ဦးတို့ကို ထိုးနှံပေးနိုင်ခဲ့ကြောင်း သိရသည်။

နီထွန်းအောင်(ပြန်/ဆက်)