ပွင့်ဖြူမြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး မထိုးနှံရသေးသူများအား ကာကွယ်ဆေးဆက်လက် ထိုးနှံပေး

ပွင့်ဖြူ      စက်တင်ဘာ       ၂၄

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး မထိုးနှံရသေးသူများကို ယနေ့နံနက် ၉ နာရီက  ဆေးထိုးစုရပ်(၄)နေရာခွဲ၍ ဦးစားပေးအုပ်စုအလိုက် ကာကွယ်ဆေး ဆက်လက်ထိုးနှံ ပေးလျက်ရှိရာ သတ်မှတ်ဆေးထိုးစုရပ်များအလိုက် ဒေသခံပြည်သူများက အေးချမ်းစွာ ကာကွယ်ဆေး လာရောက်ထိုးနှံ လျက်ရှိကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ သိရသည်။

 

 “ ကျွန်တော်တို့မြို့နယ်မှာ ကာကွယ်ဆေးမထိုးနှံရသေးတဲ့ ဒေသခံပြည်သူများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုနဲ့ ဆေးထိုးစုရပ်(၄)နေရာခွဲပြီးတော့ ဦးစားပေးအုပ်စုအလိုက် ကာကွယ်ဆေး စနစ်တကျ ထိုးနှံပေးလျက်ရှိ ပါတယ်။ ဆေးထိုးစုရပ်(၄)နေရာကတော့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဗိုလ်ဥတ္တမခန်းမ ၊ လယ်ကိုင်းကျေးရွာ (အ.ထ.က)ကျောင်း ၊ ကုန်းဇောင်းကျေးရွာ(အ.ထ.က)ကျောင်း ၊ မဲဇလီကျေးရွာ(အ.ထ.က)ကျောင်းတို့ ဖြစ်ပါတယ်။ ကာကွယ်ဆေးထိုးနှံပေးခြင်းကိုတော့ နံနက် ၉ နာရီကနေ ညနေ ၄ နာရီအထိ ထိုးနှံပေးတာဖြစ်ပြီး လူဦးရေ ၆၀၀၀ လျာထား ထိုးနှံပေးသွားမှာ ဖြစ်ပါတယ်။ ဆေးထိုးစုရပ်အသီးသီးမှာလည်း ကာကွယ်ဆေးလာရောက်ထိုးနှံတဲ့သူတွေ စိတ်အေးချမ်း သာစွာ ထိုးနှံနိုင်ရေးအတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနဲ့ စေတနာ့ဝန်ထမ်း(Volunteer)အဖွဲ့ဝင်များက  ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြပါတယ်။  ယခုတစ်ကြိမ် ကာကွယ်ဆေး လာရောက်ထိုးနှံသူဦးရေ (၀၀၀၀)ဦး ရှိသွားပြီဖြစ်ပါတယ်။ ဆက်လက်ပြီးတော့လည်း ကျန်ရှိတဲ့ ဒေသခံပြည်သူများကို ထိုးနှံပေးသွားမှာဖြစ်ပါတယ်” ဟု ပွင့်ဖြူမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါက်တာမိုးသစ်ထွန်း က ပြောသည်။

 

ပွင့်ဖြူမြို့နယ်အတွင်းရှိ ကာကွယ်ဆေးမထိုးနှံရသေးသူများအား ကာကွယ်ဆေးထိုးနှံနိုင်ရေးအတွက် ဆေးပုလင်း အလုံးရေ ၁၂၀၀ ရရှိပြီး ဆေးပုလင်းတစ်လုံးလျှင် လူ(၅)ဦးနှုန်းဖြင့် ထိုးနှံပေးခြင်းဖြစ်ကြောင်း သိရသည်။  ယနေ့ နံနက်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်နှင့် တာဝန်ရှိသူများက ဆေးထိုးစုရပ်များသို့ ကာကွယ်ဆေး လာရောက် ထိုးနှံကြသည့် ပြည်သူများအား ကြည့်ရှုအားပေးကာ  လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း  သိရသည်။

 

ရဲဝင်းနိုင် ( ညောင်ဦး )