အထက်မင်းလှ စက်တင်ဘာ ၂၄
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် အသက် ၄၀ နှစ်အထက်ရှိ သူများနှင့် ဦးစားပေးအုပ်စုအလိုက် သတ်မှတ်ချက်နှင့်အညီ တတိယအသုတ် ပထမအကြိမ် ကာကွယ် ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီက မင်းလှမြို့နယ်အတွင်းရှိ သတ်မှတ်ထားသည့် ဆေးထိုးစုရပ်နေရာများ၌ ဒုတိယနေ့အဖြစ် ဆက်လက်ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။
ထိုသို့ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပေးမှုများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးသန်းထွန်းအောင်နှင့်အဖွဲ့ဝင်များက ကြည့်ရှုစစ်ဆေး အားပေးကာ လိုအပ်သည် များကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံရာတွင် လူစုလူဝေးမဖြစ်ပေါ်စေရေးအတွက် ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များအတိုင်း စနစ်တကျ ထိုးနှံပေးလျက်ရှိပြီး ကျန်းမာရေးဝန်ထမ်းများ၊ လုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများက ကာကွယ်ဆေးထိုးနှံပေးလျက်ရှိရာ စက်တင်ဘာ ၂၃ ရက်နေ့အထိ အသက် ၄၀ နှစ်အထက် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပြီးသူ ၃၇၅ ဦးရှိပြီဖြစ်ကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)