စစ်တွေ စက်တင်ဘာ ၂၄
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်းသည် အနောက်ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ် အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ရသေ့တောင်မြို့နယ် အောက်ဆီဂျင် စက်ရုံ ဖွင့်ပွဲသို့ တက်ရောက်ပြီး မြို့နယ်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကွင်းဆင်း ဆောင်ရွက်ကြသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရသေ့တောင်မြို့နယ်၊ ဆေးရုံဝင်းအတွင်းရှိ အောက်ဆီဂျင် စက်ရုံဖွင့်ပွဲသို့ တက်ရောက်ကြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူး၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ် ရေးရာဝန်ကြီး၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီးနှင့် အောက်ဆီဂျင် စက်ရုံဖြစ်မြောက်ရေး ကော်မတီ ဥက္ကဋ္ဌ၊ ဦးဦးသန်းနိုင်တို့က စက်ရုံအားဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။ ဆက်လက်၍ ပြည်နယ် ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် ပြည်နယ်ဝန်ကြီးများက အောက်ဆီဂျင်စက်ရုံ ဆိုင်းဘုတ်အား အမွှေးနံ့သာ ရည်များ ပက်ဖြန်းပေးကြပြီး စက်ရုံအတွင်း အောက်ဆီဂျင် ထုတ်လုပ်နေမှုအား လှည့်လည် ကြည့်ရှုကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရသေ့တောင်မြို့နယ်၊ ကုသရေးဦးစီးဌာန၊ ဝန်ထမ်းနေအိမ် RCC(၄) ခန်းတွဲနှစ်ထပ်ဆောက်လုပ် နေမှုအား သွားရောက် ကြည့်ရှုစစ်ဆေးကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရသေ့တောင်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနရုံး၊ အစည်းအဝေးခန်းမ၌ ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ မြို့နယ်ကျန်းမာရေးဝန်ထမ်းများအား ဂုဏ်ပြုငွေနှင့်ဂုဏ်ပြုမှတ်တမ်း ချီးမြှင့်ထောက်ပံ့ခြင်း၊ အောက်ဆီဂျင် စက်ရုံအတွက် အလှူငွေပေး အပ်ခြင်းနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ပစ္စည်းများထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားသို့ တက်ရောက်ကြသည်။ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားပြီး အောက်ဆီဂျင်စက်ရုံဖြစ်မြောက်ရေးကော်မတီဥက္ကဋ္ဌက စက်ရုံဖြစ်ပေါ် လာပုံနှင့် ဒေသဖွံ့ဖြိုးရေးလိုအပ်ချက်များကို ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က မြို့နယ်ကျန်းမာရေးဝန်ထမ်း များအတွက် ဂုဏ်ပြုငွေ ကျပ်သိန်း(၂၀)နှင့်ဂုဏ်ပြုမှတ်တမ်းအား လည်းကောင်း၊ အောက်ဆီဂျင်စက်ရုံ အတွက် အလှူငွေ ကျပ်သိန်း (၁၀၀) အားလည်းကောင်း ထောက်ပံ့ပေးအပ်ရာ မြို့နယ်ဆရာဝန်ကြီးနှင့် အောက်ဆီဂျင် စက်ရုံဖြစ်မြောက်ရေးကော်မတီမှ တာဝန်ရှိသူများက လက်ခံရယူကြသည်။ ဆက်လက် ၍ ပြည်နယ် သယံဇာတရေးရာဝန်ကြီး ဦးသန်းထွန်းက ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ပစ္စည်းများအား ထောက်ပံ့ပေးအပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက လက်ခံ ရယူသည်။ ယင်းနောက် အောက် ဆီဂျင်စက်ရုံဖြစ်မြောက်ရေးကော်မတီ ဘဏ္ဍာရေးမှူး၊ ဦးဦးသာဇံက ကျေးဇူးတင်စကားပြန်လည် ပြောကြားပြီး ဒေသဖွံ့ဖြိုးရေးလိုအပ်ချက်များကို ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများနှင့် ပြည်နယ်ဥပဒေချုပ်တို့က ပြန်လည် ဆွေးနွေးပြောကြားကြပြီး လိုအပ်သည် များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရသေ့တောင်မြို၊ တောင်ရင်းတန်းရပ်ကွက်ရှိ ဘုရားကြီးလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ပြီးစီးနေမှုအားသွားရောက်ကြည့်ရှုစစ်ဆေးကြသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်အဖွဲ့သည် ရသေ့တောင်မြို့နယ် သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ၊ စေတီယင်္ဂဏကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တပညာသာမိ အားသွားရောက်ဖူးမြော်ကာ လှူဖွယ်ဝတ္ထု ပစ္စည်းများဆက်ကပ်လှူဒါန်း ကြပြီး စေတီတောင်ဘုရားကြီးဓမ္မာရုံ၌ ရသေ့တောင် မြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်စခန်းများမှ အသက်(၅၅)နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်ရောဂါ ကာကွယ်ဆေး ထိုးနှံနေမှုကို လှည့်လည်ကြည့်ရှုအားပေးကာ စေတီတောင်ဘုရားကြီးဘက်စုံပြုပြင်နိုင်ရန်အတွက် အလှူငွေများထည့်ဝင်လှူဒါန်းခဲ့ကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရသေ့တောင်မြို့နယ် ကမ်းနားလမ်းနှင့် တစ်ဆက်တစ်စပ်တည်းမြို့ပတ်လမ်း တိုးချဲ့ဆောင်ရွက် မည့်နေရာနှင့် လှိုင်းကာနံရံတည်ဆောက်ရမည့် နေရာများကို သွားရောက်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်း ပြသခဲ့ကြကြောင်းသိရသည်။
တင်ထွန်း